ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကိုးကန့်တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး နဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းမှုတွေရှိပေမယ့် မြန်မာ အစိုးရအနေနဲ့ ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့် အဖွဲ့နဲ ဆွေးနွေးဖို့ လုံးဝအစီအစဉ်မရှိကြောင်း နိုင် ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
ကိုးကန့်ဒေသမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းရာမှာ မလေးရှားနိုင်ငံ အာဆီယံထိပ်သီးညီလာခံကနေ ဒီကနေ့ ပြန်လည်ရောက်ရှိလာတဲ့ ဝန်ကြီးဦးရဲထွဋ်က အခုလို ပြောကြားလိုက်တာပါ။
"၂ဝ၁၁ ခုနှစ်မှာ နိုင်ငံတော်သမ္မတကြီး တာဝန်ယူပြီးတဲ့အခါ မိုင်းလားဒေသမှာ ခိုလှုံနေတဲ့ ဦးဖုန်ကြားရှင်က သူလက်နက်ကိုင်လမ်းစဉ်တွေကိုလည်း မလုပ်ချင်တော့ဘူးတဲ့၊ သူအေးအေးဆေးဆေး နိုင်ငံရေးပဲလုပ်တော့မယ် တဲ့၊ ဒါကြောင့် သူ့ကိုတရားခံပြေးအဖြစ်နဲ့ ကြေညာထားတာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါဆိုပြီး သမ္မတကြီးဆီ ကို ဆက်သွယ်ပြီးတော့မှ တင်ပြခဲ့တယ်၊ ဒါကြောင့် သမ္မတကြီးက သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်၊ ဒါပေမဲ့ ၂ဝ၁၅ ထဲဝင်တဲ့အခါကျတော့ အဲ့ကတိကိုချိုးဖောက်ပြီးတော့မှ ဒီဒေသမှာ မတည်မငြိမ်မှုတွေဖြစ်အောင် လက် နက်ကိုင်တိုက်ပွဲတွေကို ပြန်ပြီးတော့ဖော်ဆောင်လာခဲ့တယ်၊ သူတို့နဲ့ ကျနော်တို့ မဆွေးနွေးနိုင်သေးဘူးဆိုတာ အဲ့ဒါကအဓိကအကြောင်းအရာပါပဲ"
ဒါ့အပြင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ဇီကျင်းပင်တို့ ပြီးခဲ့တဲ့ သီတင်းပတ်က အင်ဒိုနီးရှား နိုင်ငံမှာ သီးသန့်တွေ့ဆုံပြီး ကိုးကန့်ဒေသစစ်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးကြရာမှာ မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ဗုံးကြောင့် တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့ရမှုအပေါ် လျော်ကြေးငွေပေးအပ်ရေးကိစ္စတွေကိုလဲ ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။
"စစ်ဆေးချက်တွေအရ ကျနော်တို့ဘက်ကကျတာ မှန်ကန်တဲ့အတွက်ကြောင့်မို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်မကောင်းဘူး ဆိုတဲ့အကြောင်းပြောတယ်၊ ဒီပြဿနာကို နှစ်နိုင်ငံချစ်ကြည်ရေးကို အခြေခံပြီးတော့မှ အစိုးရချင်း၊ တပ်မတော်ချင်း၊ ပြည်သူချင်းမှာ ဖြေရှှုင်းဆောင်ရွက်နိုင်ခဲ့တယ်၊ နောက်ဒါမျိုးထပ်ပြီးတော့ မဖြစ်ဖို့အတွက် နယ်စပ်ဒေသမှာ တည်ငြိမ်အေးချမ်းဖို့ လိုတယ်ဆိုတာ ကျနော်တို့ပြောပါတယ်၊ နောက်တရုတ်ဘက်က သေဆုံးသူများနဲ့ ပတ်သက်တဲ့ လျော်ကြေးပေါ့နော် ဒါလည်းဆက်ပြီးတော့ ဖြေရှင်းသွားဖို့ကိစ္စ ပြောပါတယ်"
နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဧပြီလ ၂၂ ရက်နေ့က ကျင်းပတဲ့ အာရှ-အာဖရိက ထိပ်သီးညီလာခံကိုတက်ရောက်ခဲ့ရာမှာ တရုတ်သမ္မတနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို၊ ဧပြီ ၂၇ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ အာဆီယံထိပ်သီး ညီလာခံမှာလည်း ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကွာလာလမ်ပူမြို့မှာ မနေ့က ကျင်းပတဲ့ အာဆီယံထိပ်သီး ညီလာခံမှာ တောင်တရုတ်ပင်လယ်ပြင် ပိုင်နက်အငြင်းပွားမှုကိစ္စ၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံနိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး စတဲ့ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ကိုးကန့်အရေးနဲ့ပတ်သက်လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
