အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် NCCT အဖွဲ့ချင်းမိုင်မြို့မှာ ထပ်မံ ဆွေးနွေး


2013.12.29
ncct-305 ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီလ ၂၈ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေးကျင်းပစဉ်
photo: Aung Moe Myint/RFA

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေနဲ့ ဒီကနေ့မနက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ချင်းမိုင်မြို့မှာရှိတဲ့ Alpine Golf Resort ဟိုတယ်မှာ တွေ့ဆုံခဲ့ရာမှာ အဓိက ဆွေးနွေးခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက RFA ကို အခုလို ပြောပြပါတယ်။

" အချက်အလက်တွေက အများကြီးပဲနော် အဲ့ဒီ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး အတွက်ပေါ့လေ စာတမ်းကို ဟိုဖက်ကလည်း ပြင်လာတယ် ဒီဖက်ကလည်း ပြင်လာတယ် အဲ့ဒီ နှစ်ခုကြားမှာ တူညီမှုတွေကို ညှိကြတာပေါ့လေ အင်း အဲ့ဒီ သဘောတူညီချက်အတွက်ကို ရနိုင်ဖို့အတွက်ကို ညှိနှိုင်းတာပါ သဘောတူညီချက်ထဲမှာကတော့ အစုံပါပါတယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို ကျနော်တို့ကတော့ ဒီ နောက်ပိုင်းမှာ ဒီ တကယ့် နိုင်ငံရေး ဆွေးနွေးတဲ့ အပိုင်းမှာ ပို့လိုက်မယ် အဲ့ဒီ ပုံစံမျိုးပေါ့နော် နောက်ပြီးတော့ ဖွဲ့စည်းတဲ့အခါကြရင် ဒီလုပ်ငန်းစဉ်တွေကို များသောအားဖြင့် framework ဆွဲတဲ့အခါမှ အဲ့ဒီမှာကတော့ ပါဝင်ထည့်သွင်းသွားဖို့ ညှိနှိုင်းကြပါတယ်"

နှစ်ဖက် ဆွေးနွေးကြတဲ့ထဲမှာ ကချင်ပြည်နယ် KIO ဌာနချူပ်လိုင်ဇာမြို့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူညီချက် မူကြမ်း ၁၁ ချက်ကို အသေးစိတ်ပြန်လည်ရေးဆွဲထားတဲ့ အခန်း ၁၀ ခန်းနဲ့ အစိုးရဖက်က နိုဝင်ဘာလဆန်းပိုင်းမှာ မြစ်ကြီးနားတွေ့ဆုံဆွေးနွေးပွဲမှာ ပေးအပ်ခဲ့တဲ့ အခန်း ၁၄ ခန်းပါ အပစ်အခတ်ရပ်စဲရေး မူကြမ်း အချက်တွေကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အစိုးရဖက်ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ငြိမ်းချမ်းရေး Accord လုပ်ဖို့ ဆွေးနွေးခဲ့တာရှိပေမယ့် တိုင်းရင်းသားတွေဖက်ကတော့ ငြိမ်းချမ်းရေး Accord ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၂ နှစ်ပြီးရင် ပျက်ပြယ်သွားနိုင်တဲ့အတွက်  ပြည်ထောင်စု Accord သာလုပ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတွေတင်ပြထားတဲ့ အပစ်ရပ်သဘောတူ စာချူပ်မူကြမ်းထဲမှာ ပြည်တောင်စု တပ်မတော်ဖွဲ့စည်းရေးကိစ္စကို အစိုးရဖက်က ပြင်ဆင်ပေးဖို့ တောင်းဆိုတာတွေ ရှိသလို အစိုးရရဲ့ စာချူပ်ထဲမှာလည်း တိုင်းရင်းသားတွေကို အစိုးရရဲ့ မူဘောင်တွေအောက်မှာသာ ဝင်ရောက်လုပ်ဆောင်ဖို့ဆိုတဲ့ အချက်အတော်များများ ပါဝင်နေတဲ့အတွက် အစိုးရရဲ့ စာချူပ်ကို လက်မခံလိုကြပဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကနေရလာတဲ့ တင်ပြမှုတွေအပေါ် NCCT ခေါင်းဆောင်တွေက ၂၀၁၄ ဇန်နဝါရီလလယ်ပိုင်းမှာ အစည်းအဝေးကျင်းပပြီး ပြန်လည်ဆွေးနွေးသွားမှာဖြစ်သလို တိုင်းရင်းသား ခေါင်းဆောင်တွေ တင်ပြတဲ့ အချက်တွေကိုလည်း အစိုးရဖက်က ခေါင်းဆောင်တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ပြန်တင်ပြပြီး ဖားအံ အစည်းအဝေးပွဲ မတိုင်မှီ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးသွားကြဖို့ ရှိပါတယ်။

ဒီနေ့ ဆွေးနွေးပွဲ ရလဒ်နဲ့ ပတ်သက်ပြီးတော့လည်း ဝန်ကြီး ဦးအောင်မင်းက အခုလို ပြောပါတယ်။

" ကျနော် အားရတယ် ဒီနေ့ ကျနော်တို့ ခက်ခက်ခဲခဲနဲ့ ငြင်းဆိုပြီး ပြောဆိုရမည့် အချက်အလက်တွေ တခုမှ မပါဘူးဗျ ဘာလို့လည်းဆိုတော့ အားလုံးက လမ်းကြောင်းတစ်ခုတည်းပေါ်ရောက်နေတယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့နော်၊ ဖားအံ အစည်းအဝေးကြရင်တော့ ဒါ Finalise ပေါ့၊ အဲဒီမှာလည်း ကျနော် လက်မှတ်ထိုးဖို့ မပါသေးဘူးနော်၊ ဖားအံမှာက ကျနော်တို့ လက်မှတ်ထိုးဖို့ ရက်ကို ရအောင် အဲ့ဒီမှာ သတ်မှတ်နိုင်မယ်လို့ ကျနော်တို့ ယူဆပါတယ်၊ အခုဟာ တော်တော် နီးစပ်လာပြီဗျ၊ အခု ဖားအံ အစည်းအဝေးကိုလည်း ဇန်နဝါရီလ ၂၄ - ၂၅ လောက်မှာ လုပ်ဖို့ ဆိုပြီးတော့ ကျနော်တို့က အခု ဒီအစည်းအဝေးကပဲ ဆုံးဖြတ်ထားပါတယ်၊ အဲ့ဒါ ပြီးရင်တော့ ကျနော်တို့က Nationwide Ceasefire accord လို့ ပြောတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးအရ ဇန်နဝါရီလ ၂၄-၂၅ ရက်မှာ သတ်မှတ်တဲ့ရက်မှာ ကျနော်တို့ လက်မှတ်ရေးထိုးနိုင်အောင် ပြင်ဆင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက်ဖြန် မနက်ပိုင်းမှာ ဝန်ကြီး ဦးခင်ရီ ခေါင်းဆောင်ပြီး ၂၀၁၄ လူဦးရေ နှင့် သန်းခေါင်းစာရင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို UNFPA (United Nations Populations Fund Activities) နဲ့အတူ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။