မဟာစင် ဆိုင်ကလုန်း မုန်တိုင်းအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ အစိုးရရဲ့ဘေးလွတ်ရာကို ပြောင်းရွှေ့ရေး အစီအစဉ်ကို ငြင်းဆန်ခဲ့တဲ့ ဒုက္ခသည်တွေအပါအဝင် စစ်တွေမြို့နားက မွတ်စလင် ဒုက္ခသည်စခန်း အကုန်လုံးကို ဒီကနေ့ မနက်ပိုင်းမှာ ပြောင်းရွှေ့ လိုက်ပြီဖြစ်တယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲ့ဒီဒုက္ခသည်စခန်းတွေကို ဒီကနေ့ပြောင်းရွှေ့ပေးနေတဲ့ အခြေအနေတွေကို စည်ပင်သာယာရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးလှဟန်က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ လောလောဆယ်မှာတော့ ၁၁ ခန်းလုံးအားလုံးက ရွှေ့နေတဲ့အနေအထားရှိပါတယ်၊ ဒီ ၁၁ ခုထဲမှာမှ ကျွန်တော်တို့ ရွှေ့ချင်တဲ့နေရာ ကို ရွှေ့သွားတာလည်းရှိတယ်၊ မိမိအစီအစဉ် နဲ့ ရွှေ့တာလည်းရှိတယ်"
ဒုက္ခသည်တွေဟာ မုန်တိုင်းအန္တရာယ်ကြောင့် နေရာပြောင်းရွှေ့ခဲ့ရင် မူလနေရာတွေပြန်မရမှာ စိုးရိမ်နေတဲ့အတွက် ငြင်းဆန်ခဲ့ကြတာဖြစ်ကြောင်း ပြည်နယ်အစိုးရက မူလနေရာကို ပြန်နေရာချထားပေးမယ်လို့ ကတိပေးပြောကြားခဲ့တာကြောင့် ဒီကနေ့မှာပြောင်းရွှေ့ခဲ့ကြတာလို့ ဆိုပါတယ်။
စစ်တွေမြို့နားက ဘောဒူဘ၊ သဲချောင်း၊ ဒါးပိုင် ၊ အုန်းတောကြီးစတဲ့ ဒုက္ခသည်စခန်းစုစုပေါင်း ၁၁ ခုရှိပြီး အဲဒီစခန်းတွေကို နီးစပ်ရာကျေးရွာတွေက စာသင်ကျောင်းတွေမှာ မုန်တိုင်းခိုလှုံမယ့်နေရာအဖြစ် သတ်မှတ်ပြောင်းရွှေ့ပေးနေတယ်လို့ဆိုပါတယ်။
တချိန်တည်းမှာလည်း ရခိုင်ပြည်နယ်အတွင်း ပင်လယ်ကမ်းရိုးတန်းတွေက ဒေသခံတွေကို မုန်တိုင်းခိုလှုံနိုင်မယ့် နီးစပ်ရာကုန်းမြင့် အဆောက်အအုံတွေ၊ မြို့ပေါ်နေရာတွေကို ပြောင်းရွှေ့ပေးနေတယ်လို့ သိရပါတယ်။
ဒီအခြေတွေနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုမင်းသိန်းအောင်ကို မအိအိခိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။
ဒုက္ခသည် ရွှေ့ပြောင်းနေရာချထားတာတွေနဲ့ မုန်တိုင်းသက်ရောက်မှုတွေအပေါ် အစိုးရရဲ့ ပြင်ဆင်ထားချက်တွေအကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။