အသစ်ခန့်အပ်မည့် ဝန်ကြီးများ အရပ်သားပညာရှင် ပါဝင်ဖို့ရှိ

သမ္မတ ဦးသိန်းစိန် အခုရက်ပိုင်းအတွင်း စတင်ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အချိန်ကာလ (၂)လ လောက် ကြာမြင့်ဖို့ရှိပြီး ပြုပြင်ပြောင်းလဲရေး မလုပ်ချင်တဲ့ ဝန်ကြီးတွေကို ဆက်လက် အနားပေးသွားမှာ ဖြစ်သလို အသစ်ခန့်အပ်မယ့် ဝန်ကြီးတွေထဲမှာလည်း အရပ်သား ကျွမ်းကျင် ပညာရှင်တွေ ပါဝင်လာဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ ရာထူးက အနားပေးလိုက်တဲ့အတွက် လစ်လပ်သွားတဲ့ ဝန်ကြီးတွေနေရာတွေကို အသစ်ခန့်အပ်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်နဲ့ တိုင်ပင် အတည်ပြုချက် ရယူပြီးမှ ဆောင်ရွက်သွားမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် ဖောင်းပွနေတဲ့ ဝန်ကြီးဌာနတွေကိုလည်း ကျစ်ကျစ် လစ်လစ်ဖြစ်အောင် အသစ်ပြန်လည် ဖွဲ့စည်းမယ်လို့ သိရပါတယ်။ ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာတော့ ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်၊ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်တို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း ဖော်ပြထားပါတယ်။

0:00 / 0:00