စစ်တွေဟိုတယ် ဝန်ထမ်းဟောင်းများ အလုပ်အကိုင်အတွက် သမ္မတကို အရေးဆို

ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဝန်ထမ်းဟောင်း ၄ဝ ကျော်ဟာ အလုပ်အကိုင် ဆုံးရှုံးခဲ့တာနဲ့ ပတ်သက်ပြီး စစ်တွေမြို့ကို ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ကို သွားရောက်ဆန္ဒပြ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

2011.07.31

မနေ့က မနက် ၈ နာရီလောက်က ဟိုတယ်နဲ့ ခရီးသွား ဝန်ထမ်းဟောင်း ၄၃ ယောက်ဟာ၊ ဦးသိန်းစိန် လာရောက်ဟောပြောမယ့် မြို့တော်ခန်းမရှေ့မှာ သွားရောက် စုရုံးခဲ့ကြပြီး သူတို့အနေနဲ့ အစိုးရဝန်ထမ်းအဖြစ် ဆက်လက် အလုပ်လုပ်ကိုင်ခွင့် ရှိမရှိ သွားရောက် မေးမြန်းခဲ့တယ်လို့ အဲဒီအထဲမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းဟောင်း တဦးက ပြောပြပါတယ်။

“လစာ ပေးတဲ့နေ့မှာ လစာမရတာ ဘာကြောင့်လဲ ဆိုတာကို သွားပြီး တင်ပြမလို့ပါ။ အဲဒီအချိန်မှာ မြို့တော်ခမ်းမမှာ သမ္မတကြီး အစည်းအဝေး လုပ်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတော့ တင်ပြခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် နှုတ်နဲ့ မပြောပါနဲ့ စာနဲ့ပြောပါဆိုလို့ အခွင့်အရေး မရလိုက်ဘူးပေါ့”

ပြီးခဲ့တဲ့ ဇွန်လက စစ်တွေ ဟိုတယ်နဲ့ စားသောက်ကုန်၊ အဖျော်ယမကာ လုပ်ငန်းတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တဦး ဖြစ်တဲ့ ဦးနေမျိုးထွန်း (Royal Beach Motel) လက်ထဲကို လွဲှပြောင်းပေးခဲ့ပါတယ်။ ဝန်ထမ်း ၄၃ ဦးကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ဒေသအုပ်ချုပ်ရေးကို လွဲှပြောင်းပေးခဲ့ပါတယ်။ အဲဒီနောက် ပြည်ထဲရေး ဝန်ကြီးဌာနကလည်း တာဝန်မယူနိုင်တဲ့အတွက် ဝန်ထမ်း အရေအတွက် လျှော့ချလိုက်ကြောင်း အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီကလည်း ဆက်လက် မငှားလိုတော့ဘူးလို့ ပြောဆိုတဲ့အတွက် သူတို့အနေနဲ့ ဝန်ထမ်းအဖြစ် ဆက်လက်ရှိမရှိ မသေချာ မရေရာ ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လကုန် လစာမရတော့မှ အခုလို သွားရောက်စုရုံး မေးမြန်းခဲ့တာ ဖြစ်တယ်လို့ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေက ပြောပါတယ်။ အခုလို စုရုံးတောင်းဆိုခဲ့တာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စာနဲ့သာ ရေးသားတင်ပြကြဖို့နဲ့ လူစုခွဲ ပြန်ကြဖို့ ပြောဆိုပြီး လစာငွေကို ၃ဝ ရက်နေ့မှာပဲ ချက်ခြင်း ထုတ်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

သူတို့ကို လစာငွေတွေ ထုတ်ပေးပေမယ့်လည်း ဝန်ထမ်းအဖြစ် ဆက်လက်ခန့်ထားခြင်း ရှိမရှိ မသိရဘဲ နောက်လတွေမှာလည်း လစာရမရ မသိရဘူးလို့ ဝန်ထမ်းတွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ကိုဇော်မိုးကျော် အသေးစိတ် တင်ပြထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။