ဖိအားပေး အကြပ်ကိုင်တဲ့နည်း အစိုးရက မသုံးသင့်


2015.10.09
ncct-nainghanthar-620.jpg ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

NCA အပစ်ရပ်စဲရေး သဘောတူညီချက်  လက်မှတ် မထိုးတဲ့အဖွဲ့တွေကို အရေးမယူဘူးလို့ အစိုးရက ပြောပေမယ့် ကချင်နဲ့ ရှမ်း ပြည်နယ်တို့မှာ အခု အခါ ပြင်းပြင်းထန်ထန် ထိုးစစ်တွေ ဆင်နေတာဟာ အပြောတစ်မျိုး အလုပ်တစ်မျိုး လို့ ယူဆစရာ ဖြစ်နေတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ ဒုတိယ-ဥက္ကဌ နိုင်ဟံသာက  ပြောကြားလိုက်ပါတယ်။

NCCT  တို့  SD တို့လို ဦးဆောင်တဲ့အဖွဲ့တွေကို အလေးမထားဘဲ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ အစည်းတဖွဲ့ချင်း သူတို့ လက်ခံမယ့် အဖွဲ့တွေ ကို ရွေးပြီး ခေါ်ယူဆွေးနွေးတာမျိုးဟာ မဖြစ်သင့်ဘူးလို့လဲ   RFA က ဆက်သွယ်မေးမြန်းရာမှာ သူကပြောပါတယ်။

"အစိုးရကအရင်က တစ်လျှောက်လုံးမှာ ကျနော်တို့တိုင်းရင်းသားတွေကို ခွဲပြီးတော့ အားလျော့သွားအောင်လုပ်မယ်၊ ခွဲပြီးတော့မှချေမှုန်းမယ် ဆိုတဲ့ဟာကို ကျနော်တို့က သံသယရှိခဲ့တယ်၊ အခုအနေအထားမှာလည်း တချို့အဖွဲ့ကို အပစ်အခတ်ရပ်စဲ ရေးထိုးလိုက်ပြီး၊ ကျန်တဲ့အဖွဲ့ကို ဖိအားပေးနေတယ်၊ စစ်ရေးအရ တိုက်နေတယ် ဆိုတဲ့ဟာကလည်း မူထဲကိုပြန်ရောက်နေတယ်ဆိုတာ ကျနော်တို့ကတော့ စဉ်းစားစရာဖြစ်လာ တယ်"

ဒါ့အပြင် NCA စာချုပ် လက်မှတ်မထိုးတဲ့အဖွဲ့တွေကို မတရားသင်း အဖြစ် သတ်မှတ်မယ်လို့ အစိုးရက ပြောတာနဲ့ ပတ်သက်လို့လဲ  နိုင်ဟံသာက

"ဒါကတော့အစိုးရပေါ်မှာပဲ မူတည်တယ်၊ ကျနော်တို့ကတော့ တလျှောက်လုံး မတရားအသင်းထဲကနေရပ်တည်လာခဲ့တာပဲ၊ ရှိပြီးသားအနေအထား ကနေပြီးတော့မှ ဘာမှထားခြားလာတာတော့မဟုတ်ဘူးလေ၊ ဒါကြောင့်ပူပင်စရာလည်းမရှိပါဘူး"

အခုဖြစ်ပျက်နေသလို ထိုးစစ်တွေ ဆင်ပြီး ဖိအားပေး အကြပ်ကိုင်တဲ့နည်းကို အစိုးရက မကျင့်သုံးသင့်ဘူးလို့လဲ နိုင်ဟံသာက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။