အစိုးရ တောင်းဆိုချက်အရ တပ်စခန်းနေရာကို SSA (မြောက်ပိုင်း)က ဆုတ်ခွာပေး

ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ မန္တလေးမြို့မှာ SSA မြောက်ပိုင်းနဲ့ အစိုးရဘက် က နှစ်ဘက် တာဝန်ရှိသူတွေ ဒီနေ့တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် အစိုးရဘက်က တောင်းဆိုချက်အရ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ SSA မြောက်ပိုင်း တပ်စခန်းနေရာကို SSA က ဆုတ်ခွာပေးလိုက် တယ်လို့ သိရပါတယ်။

2012.06.22
ssa-north-b305 SSA တပ်ဖွဲ့ဝင်များ စစ်ရေးပြ အခမ်းအနားတွင် ချီတက်နေစဉ်။
RFA

ဇွန်လ ၁၇ ရက်နေ့ ကစပြီး မနေ့ကအထိ ရှမ်းပြည်မြောက်ပိုင်း နယ်မြေအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ ဒီကနေ့ နေ့လည် ၁၂ နာရီခန့်က မန္တလေးမြို့ရှိ ရိုဆာ မန္တလေး ဟိုတယ် မှာ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဆရ်မ် ဦးစီးတဲ့အဖွဲ့နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်တို့ တစ်နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဘက် ဆွေးနွေးခဲ့ကြတာတွေနဲ့ ပတ်သက်လို့ SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က အာအက်ဖ်အေကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ တင်ပြတာတော့ အချက် ၂ ချက်ပဲလေ၊ သဘောတူညီချက် အရင်က လက်မှတ်ထိုးထားတဲ့ အတိုင်းပေါ့နော့်၊ ကျွန်တော်တို့ ရောက်ရှိတဲ့နေရာမှာ ယာယီနေထိုင်ဖို့ ပြီးတော့ နယ်မြေ ဖြတ်သန်းကျော်လွှားပါက ကြိုတင်ပြီးတော့ ညှိနှိုင်းဖို့၊ သူက နောက်ထပ် တရားဝင်ပေါ့၊ ပြည်ထောင်စုအဆင့်နဲ့ တွေ့ဆုံဖို့၊ အခုဖြစ်တဲ့ ပြဿနာကို နှစ်ဘက် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်ဖို့ပေါ့နော်။ ပြဿနာ မကြီးထွားအောင်ပေါ့။ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ဖို့ပေါ့နော့်။ ဆွေးနွေးချက်ကို ဦးသိန်းဇော်က သမ္မတကြီးဆီ တင်ပြပေးမယ်။ သမ္မတကြီးကလည်း လုံခြုံရေးကောင်စီကို ပြန်ပြီးတော့ ပြောမယ်ထင်တယ်"

ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်မဖြစ်ဖို့နဲ့ နှစ်ဘက် ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းနိုင်ဖို့ဆိုပြီး အစိုးရဘက်က တောင်းဆိုချက်အရ မနေ့က နေ့လည်ပိုင်းအထိ အစိုးရတပ်တွေ ဝင်ရောက်တိုက် ခိုက်နေတဲ့ မိုင်းရှုးမြို့နယ် မိုင်းအွတ်ကျေးရွာအုပ်စု ဟွေ့လွတ်ကျေးရွာ အနောက်ဖက်က SSA မြောက်ပိုင်းတပ်ရဲ့ လွိုင်ဖာဖိန့် တပ်စခန်းကို ဒီကနေ့မှာ SSA ဘက်က ထပ်မံဆုတ်ခွာပေးခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလ က ဆက်ပြောပါတယ်။

"ဒီနေ့တော့ ကျွန်တော်တို့လည်း အဲဒီသူတို့ တောင်းဆိုချက်အရ ခွာပေးလိုက်တာပေါ့။ အဲဒီတိုက်ပွဲနေရာကို ကျွန်တော်တို့ လွိုင်ဖာဖိန့်လေ။ ခွာပေးတော့ သူတို့ အဲဒီလက်နက်ကြီး ၈၁ နဲ့ နှစ်ချက် သုံးချက် ပစ်ပြီးတော့ အခုကျွန်တော်တို့ ဆုတ်ပေးတဲ့ တောင်ကုန်းကို သူတို့ နေရာယူလိုက်တာပေါ့"

SSA မြောက်ပိုင်းတပ်ဖွဲ့တွေ ဆုတ်ခွာပေးခဲ့ပြီးနောက် နှစ်ဘက်ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားတာ မရှိတော့ဘူးလို့ သိရပါတယ်။

ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တို့ ဒီလကုန်ပိုင်းမှာ ထပ်မံဆွေးနွေးဖို့ အစီအစဉ်ကိုတော့ ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပေါ်နေတဲ့     အခြေအနေတွေကြောင့် ခေတ္တဆိုင်းငံ့ထားပြီး ပြန်လည် အကြောင်းကြား သွားမယ်လို့ ဦးသိန်းဇော်က ဒီကနေ့ ပြောတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။