NNER ကို ဖိတ်ကြားချက် ပညာရေး ဝန်ကြီးဌာန ပြန်ရုတ်သိမ်း

0:00 / 0:00

ပညာရေးဝန်ကြီးဌာက နေပြည်တော်မှာ မတ်လ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၂ ရက်ကြာကျင်းပမယ့် "အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင် ပြောင်းလဲမှုဆွေးနွေးပွဲ" ကို ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ တက်ရောက်ဆွေးနွေးဖို့ ဖိတ်ကြား ထားခဲ့ပြီးမှ အဲဒီဖိတ်ကြားမှုကို မနေ့က ပယ်ဖျက် လိုက်ပါတယ်။

အဲဒီလို ဖိတ်ကြားပြီးမှ ပယ်ဖျက်လိုက်တာဟာ တိုင်းရင်းသားဒေသက ဆရာ၊ ဆရာမတွေ နဲ့ ကျောင်းသားတွေရဲ့ အခွင့်အရေးတွေကိစ္စ အဲ့ဒီဆွေးနွေးပွဲမှာ ဆွေးနွေးမှာ စိုးရိမ် တာကြောင့်သာ ဖြစ်တယ်လို့ NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ဒီနေ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အာသောကဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

"အစိုးရဘက်က ပြုပြင်ပြောင်းလဲမှုဆိုတာ ဗဟိုချုပ်ကိုင်မှုအောက်မှာပဲ တစ်စစီ ဟိုနည်းနည်း ဒီနည်းနည်း ပြင်ဖို့လောက်ပဲ စိတ်ကူးရှိတယ်၊ အစိုးရသွားချင်တဲ့လမ်းက သူတို့ ဗဟိုချုပ်ကိုင်မှုကို မလျော့ဘူး၊ တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့်၊ ဆရာတွေရဲ့ လွတ်လပ်ခွင့်၊ ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်တွေကို သူတို့ခွင့်ပြုမထားဘူး၊ ကျနော်တို့ အဲဒီအချက်တွေ ဝေဖန်ထောက်ပြတယ်၊ အစိုးရက ကျနော်တို့ကို ငြင်းပယ်တာလည်း အဲဒီအချက်ဖြစ်မယ်ထင်တယ်၊ လက်ရှိအစိုးရအဖွဲ့ လုပ်နေတာတော့ ယုံကြည်စရာကို မရှိတော့ဘူး၊ သူတို့ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်ရွက်ပုံ၊ သူတို့ရဲ့အတွေးအခေါ်က ယုံကြည်စရာမရှိဘူး၊ ဒီအစိုးရသက်တမ်းမှာတော့ ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုတာကို မမျှော်လင့်ဘူး"

လာမယ့် မတ်လ ၅ ကနေ ၆ ရက်နေ့အထိ ၂ ရက်ကြာကျင်းပမယ့် အဲဒီဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦးက NNER အဖွဲ့ တက်ရောက်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက တယ်လီဖုန်းနဲ့ ဖိတ်ကြားခဲ့တာဖြစ်ပေမယ့် မနေ့က အဲဒီညွှန်ကြားရေးမှူးက သူ့အနေနဲ့ ဖိတ်ကြားခွင့်မရှိကြောင်းနဲ့ NNER ဘက်မှ နားလည်မှုလွဲကြောင်း ပြောဆိုပြီး ဖိတ်ကြားမှုကို ဖျက်သိမ်းလိုက်တယ်လို့ NNER ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

သမ္မတဦးသိန်းစိန် တက်ရောက်မယ့် နေပြည်တော် အမျိုးသားအဆင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲကို တစ်နိုင်ငံလုံးမှာရှိတဲ့ NNER အဖွဲ့ဝင် ၁၅၀ ကျော်တက်ရောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး တချို့အဖွဲ့ဝင်တွေ နေပြည်တော်ကို ရောက်ရှိနေပြီလို့လည်း NNER အဖွဲ့ကပြောပါတယ်။

NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို မေးမြန်းထားပါတယ်။