၀ ဒေသမှာ အစိုးရရုံးတွေ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်

၂၀၀၉ ခုနစ်နောက်ပိုင်းကတည်းက အစိုးရရုံးတွေ ပိတ်ခဲ့ရတဲ့ ၀ အထူးဒေသမြို့နယ် ၆ ခုမှာ အစိုးရရုံးတွေ ပြန်လည်ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က RFA ကို အတည်ပြုပြောပါတယ်။

အစိုးရရုံးတွေ ၀ ဒေသမှာ ခုလို ပြန်ဖွင့်နိုင်ဖို့အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ စတဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ ပြီးခဲ့တဲ့ ၀ ဒေသခရီးစဉ်အတွင်းမှာ ၀ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ခုလို အတည်ပြုပြောဆိုပါတယ်။

“အရင် ဝန်ကြီး ဦးခင်ရီတို့၊ ဦးသိန်းဇော်တို့ သွားတုန်းကတော့ ဒီလုပ်ငန်းတွေစဖို့ သဘောတူထားတာတော့ရှိပါတယ်၊ အဓိကကတော့ ကျနော်သိသလောက်ကတော့ အရင်တုန်းက ကျနော်တို့ဖွင့်ထားခဲ့တဲ့ ရုံးတွေရှိတယ်လေ၊ အဲဒါတွေကို ကျနော်တို့ပြန်ပြီးတော့ လုပ်ငန်းပြန်စဖို့၊ နောက်ကျန်တဲ့ဟာတွေကတော့ လုပ်ငန်းစီမံချက်အပေါ်မူတည်ပြီးတော့ ဖြစ်မယ်ထင်တယ်”

၀ ဒေသမှာ ပြန်လည်ဖွင့်လှစ်မယ့် ဌာနတွေကတော့ ပညာရေး ၊ ကျန်းမာရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနဲ့ စည်ပင်သာရေး၊ ပြန်ကြားရေးစတဲ့ ဝန်ကြီးဌာနတွေရဲ့ ရုံးတွေအပြင် လုပ်ငန်းလိုအပ်ချက်အလိုက် တခြားဝန်ကြီးဌာနတွေရဲ့ ရုံးတွေကိုပါ တိုးချဲဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။

အမည်မဖော်လိုသူ ဆောက်လုပ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အရာရှိတချို့ကိုလည်း လမယ့် ဒီဇင်ဘာလကစလို့ ၀ ဒေသမှာ တာဝန်ပြောင်းရွှေ့ထမ်းဆောင်ရမယ်လို့ ပြောပါတယ်။

၀ အထူးဒေသမှာ ခုလို အစိုးရရုံးတွေ ပြန်လည်ဖွင့်နိုင်ဖို့အပြင် လာမယ့် ၂၀၁၄ ခုနစ် သန်းခေါင်စာရင်း ကောက်ယူရာမှာလည်း ၀ ဒေသမှာ ကောက်ခံသွားဖို့ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးခင်ရီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က မြစ်ကြီးနားမြို့မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ RFA ကို ပြောခဲ့ပါတယ်။

၀ ဒေသမှာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် မတိုင်ခင်က အစိုးရရုံးခွဲတချို့ရှိခဲ့ပေမယ့် အစိုးရနဲ့ ဝတပ်ဖွဲ့တို့အကြား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စမှာ အဆင်မပြေဖြစ်ပြီး အစိုးရရုံးတွေ ရုတ်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။