ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်စတဲ့ မြို့နယ် ၁ဝ ခုလောက်မှာ တပ်မတော်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း တစ်သောင်းနီးပါးခန့်ကို တောင်သူတွေလက်ထဲ မကြာခင်ပြန်လည်ပေးအပ်သွားဖို့ စီစဉ်နေတယ်လို့ တပ်မတော်အဆင့်မြင့်အရာရှိ အသိုင်းအဝိုင်းက RFA ကို ဒီကနေ့အတည်ပြုပြော ဆိုပါတယ်။
တပ်မတော်အနေနဲ့ ပြည်နယ်အစိုးရကတဆင့် တောင်သူတွေဆီ မကြာခင်လက်ရောက်ပေးအပ်နိုင်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျေးရွာကော်မတီ ၅ ဦးတို့ရဲ့ မြေပိုင်ဆိုင်ကြောင်း ထောက်ခံချက်တွေကိုယူနေကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက RFA ကိုပြောပါတယ်။
အခုပေးအပ်မယ့် လယ်ယာမြေတွေထဲမှာ တချိန်က တောင်သူတွေရဲ့ ဦးပိုင်အမည်ပေါက်နဲ့ ပိုင်ဆိုင်ခဲ့တဲ့ လယ်ယာတွေအပြင်၊ တောရိုင်းမြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေတွေ အများဆုံးပါဝင်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် သတ္တမပုံမှန်အစည်းအဝေးမှာ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၁၊ ၂ နဲ့ ပတ်သက်ပြီး ဆွေးနွေးချက်အပေါ်မှာ တပ်ဧရိယာပြင်ပ စိုက်ပျိုးမြေတွေကနေ ပိုင်ဆိုင်မှုအလိုက်စိစစ်ပြီး ပြည်ထဲရေးအမိန့် (လန-၃၉) ရရှိပြီး မြေယာတွေကို ပြန်လည်ပေးအပ်ဖို့ စီစဉ်နေတာလို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း ခေတ်အဆက်ဆက် တပ်မတော်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း သုံးသောင်းခုနစ်ထောင်ေလာက်ရှိနေပြီး ရခိုင်ပြည်နယ်တောင်ပိုင်းဖြစ်တဲ့ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွစတဲ့မြို့နယ်တွေက သိမ်းဆည်းခံထားရတဲ့ မြေယာတွေပြန်လည်ရရှိရေးအတွက် လာမယ့်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးသွားဖို့ရှိတယ်လို့ လည်းသိရပါတယ်။