စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဝက်တိုးရွာနားက အစိုးရစီမံကိန်းမှာပါတဲ့ မြေဧက ၄ထောင်နီးပါးထဲက ဧက၂၅၀၀ ကို တောင်သူတွေထံ ပေးအပ်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာထွန်းဝင်း က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
အဲ့ဒီ ဝက်တိုး အစိုးရစီမံကိန်းဟာ အောင်မြင်မှုမရှိဘဲ ဖြစ်နေတဲ့အတွက် ဒေသခံတွေ အကျိုးရှိအောင် ဘယ်လိုဆောင် ရွက်ပေးမလဲလို့ တန့်ဆည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက မေးမြန်းရာမှာ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းဝင်းက အခုလို ဖြေပါတယ်။
"ဝက်တိုး ၁၊ ၂ ခြံဧရိယာ စုစုပေါင်း ၃၇၂၆ ဧကသည် မူလနဂိုကတည်းက တောင်သူများထံမှ သိမ်းဆည်း ထားခြင်း မဟုတ်သော်လည်း ဌာနမှတာဝန်ယူဆောင်ရွက်နိုင်သည့် ဧက ၁၂ဝဝ ကိုသာ ဆက်လက်တာဝန် ယူဆောင်ရွက်ပြီးတော့ ကျန်တဲ့ ၂၅၂၆ ဧကကို နိုင်ငံတော်သို့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ပြန်လည်အပ်နှံပြီး လယ်ယူမြေစီမံခန့်ခွဲမှု အဆင့်ဆင့်ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများ တရားဝင်လုပ်ကိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နိုင်မယ်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် ၁၉၈၀ ခုနှစ်လောက်က ဝက်တိုးစိုက်ကွင်း စီမံကိန်းအတွက် ဆိုပြီး မြေဧက ၄ထောင်နီးပါး သိမ်းယူခဲ့တာလို့ ဆိုပါတယ်။ နှစ်ပေါင်းများစွာ အဲဒီစီမံကိန်းဟာ ဘာတွေ ထုတ်နေတယ်ဆိုတာ ဒေသခံတွေ မသိရှိကြောင်း ဒါကြောင့် ပွင့်လင်းမြင်သာမှုမရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ဆွေးနွေပါတယ်။
အဲ့ဒီစီမံကိန်းကို ဆက်လက်ထားရှိမှာဖြစ်ပြီး မျိုးစေ့ထုတ်လုပ်ဖို့အတွက် မြေဧက ၁၂၀၀ ကို အသုံးပြုသွား မှာဖြစ်ကြောင်းနဲ့ ကျန်တာကို ပြန်ပေးမယ်လို့ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက တင်ပြခဲ့တာဖြစ်ပါတယ်။
