GRAND ROYAL အရက်ချက်စက်ရုံ ပညာရှင်ဝန်ထမ်းလေးဦး အလုပ်ထုတ်ခံရ

မြန်မာနိုင်ငံက အရက်အဖျော်ယမကာ ထုတ်လုပ်ရောင်းချရေး ဈေးကွက်မှာ အောင်မြင်မှုရနေတဲ့ နာမည်ကျော် GRAND ROYAL ကုမ္ပဏီရဲ့ မန္တလေး အရက်ချက်စက်ရုံက အလုပ်သမား အဖွဲ့အစည်းဖွဲ့ဖို့ ကြိုးပမ်းတဲ့ အင်ဂျင်နီယာ ပညာရှင် ဝန်ထမ်းလေးဦးကို မနေ့က အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

2012.09.13
grand-royal-worker-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က GRAND ROYAL ကုမ္ပဏီ မန္တလေး အရက်ချက်စက်ရုံမှ အင်ဂျင်နီယာ ပညာရှင် ဝန်ထမ်းလေးဦး အလုပ်ထုတ်ခံရသည့်ကိစ္စ သတင်းထောက်များနှင့် တွေ့ဆုံရှင်းလင်းနေစဉ်။
RFA

အခုလို အလုပ်က ထုတ်ပယ်လိုက်တာဟာ စက်ရုံတွင်း အခြေခံအလုပ်သမားအဖွဲ့ ဖွဲ့စည်းတာကို စက်ရုံအရာရှိတွေ သိရှိသွားတာကြောင့်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကျော်မျိုးထွန်းက RFA ကို ပြောပါတယ်။

"အခြေခံ အလုပ်သမားအဖွဲ့ ဖွဲ့စည်းလို့ ဖြုတ်လိုက်တာလို့ လုံးဝယူဆလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖြုတ်လိုက်တဲ့ လူတွေအားလုံးဟာ ဒီအခြေခံ အလုပ်သမား အဖွဲ့အစည်းဝင်တွေလည်း ဖြစ်တယ်။ ပြီးတော့ သက်ဆိုင်ရာ ဋ္ဌာနတွေမှာ တကယ် ကျွမ်းကျင်တဲ့ လူတွေလည်း ဖြစ်တယ်။ သက်ဆိုင်ရာ ရုံးတွေကတဆင့် အဆင့်ဆင့် ကျွန်တော်တို့ ခုခံချေဖျက်သွားမယ်။ အမှန်တရားအတွက် ကျွန်တော်တို့က ရအောင်လုပ်သွားမယ်"

စက်ရုံမှူး ဦးစိုးမိုးကတော့ အလုပ်သမားခေါင်းဆောင် (၄) ဦးကို အလုပ်ဖြုတ်လိုက်တာဟာ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းမှုနဲ့ မသက်ဆိုင်ဘဲ၊ စည်းကမ်းပိုင်းအရ ထုတ်လိုက်တာလို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့က ဝန်ထမ်းတွေကို အလုပ်ဖြုတ်တာ မဟုတ်ဘူး။ ကျွန်တော်တို့က ဝန်ထမ်းတွေကို လျော့ချတာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့က သြဂုတ်လ ၆ ရက်ကစပြီးတော့ စက်ရုံ လုပ်ငန်းတွေကို ရပ်နားထားတယ်။ အခုလက်ရှိ လျော့လိုက်တဲ့ ဝန်ထမ်းတွေဟာ ကျွန်တော်တို့ စက်ရုံမှာ သောက်စားပြီး ဖျက်ဆီးတဲ့ အတွက်ကြောင့် နောက်ဆုံး Final warning ပေးထားတဲ့ လူတွေပေါ့။ အဓိက ကတော့ အလုပ်သမားသမဂ္ဂ  ဖွဲ့စည်းလို့ မဟုတ်ပါဘူး။ စက်ရုံကနေ ဒီအလုပ်သမား သမဂ္ဂဖွဲ့ဖို့ ကျွန်တော်တို့က ဘာမှ ကန့်ကွက်ထားတာလည်း မရှိဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ ကိုယ်နှိုက်က လိုလိုလားလားရှိပါတယ်"

GRAND ROYAL တံဆိပ် အရက်အမျိုးမျိုးကို အိုင်ဘီတီစီ ကုမ္ပဏီက ထုတ်လုပ်နေတာဖြစ်ပြီး အဲဒီကုမ္ပဏီဟာ ဟံသာဝတီ ယူနိုက်တက် ဘောလုံးအသင်းကိုလည်း ထူထောင်ထားပါတယ်။

GRAND ROYAL ကုမ္ပဏီရဲ့ မန္တလေး အရက်ချက်စက်ရုံက အလုပ်သမား ခေါင်းဆောင်လေးဦး အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး အလုပ်သမား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုကျော်မျိုးထွန်းကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။