လစာတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမား အလုပ်ပြန်ဆင်းခွင့်မပြု

Grand Royal အရက်ချက်စက်ရုံက လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အပြည့်အ၀ လိုက်လျောခြင်းမရှိသလို၊ အလုပ်ပြန်ဆင်းတာကိုလည်း လက်မခံဘူးလို့ သိရပါတယ်။

Grand Royal အရက်ချက်စက်ရုံက လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အပြည့်အ၀ လိုက်လျောခြင်းမရှိသလို၊ အလုပ်ပြန်ဆင်းတာကိုလည်း လက်မခံဘူးလို့ သိရပါတယ်။

အခြေခံလုပ်ခလစာ တိုးပေးဖို့ အလုပ်သမား ၃၀၀ လောက်က တောင်းဆိုထားတာကို ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ ကတည်းက အလုပ်ရှင်၊ အလုပ်သမားနဲ့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။

မနေ့က တတိယအကြိမ်အဖြစ် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနက ဗိုလ်မှူးကြီး ယုလွင်အောင်နဲ့ စက်ရုံတာဝန်ရှိသူ ဒေါ်အေးသီတာသန့်တို့ ညှိနှိုင်းပြီး နောက်လုပ်ခလစာကို ခြောက်ထောင်တိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်နဲ့ အလွန်ကွာဟနေတယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက အခုလို ပြောပါတယ်။

"ကျွန်တော်တို့လစာ အနည်းဆုံးလစာက ယခင်လစာ ၄၃၀၀၀ ရပါတယ်ခင်ဗျ။ အများဆုံးက ၅၁၀၀၀ ရပါတယ်ခင်ဗျ။ အဲဒီလို လစာကနေပြီးတော့ ကျွန်တော်တို့က တောင်းဆိုလိုက်တဲ့ လစာက အခြေခံလစာ ခုနှစ်သောင်းပါခင်ဗျ။ နှစ်အလိုက် တစ်နှစ်ကို ၃၀၀၀ စီထည့်ပေးရမယ်လို့ ကျွန်တော်တို့က တောင်းဆိုထားပါတယ်။ ဥပမာ စုစုပေါင်း သူတို့တိုးပေးတာ အရင်က ၅၁၀၀၀ ဆိုရင် အခုက လောလောဆယ်မှာ ခြောက်ထောင်ပဲ တိုးပေးပါတယ်ခင်ဗျ"

အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူ ဗိုလ်မှူးကြီး ယုလွင်အောင်က အလုပ်သမားတွေ အလုပ်ပြန်ဆင်းဖို့ တိုက်တွန်းတဲ့အတွက် ဒီကနေ့ အလုပ်သွားပြန်ဆင်းပေမယ့် ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတွေကို အလုပ်ရုံတွေထဲ ဝင်ခွင့်မပေးဘူးလို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

ဂရင်းရွိင်ရယ် အရက်ချက်စက်ရုံဟာ ရွှေပြည်သာစက်မှုဇုန်၊ ဇုန်အမှတ် ၃ မှာရှိပြီး၊ စုစုပေါင်း အလုပ်သမား လေးထောင်နီးပါး ရှိတယ်လို့ သိရပါတယ်။ ဒီအရက်ချက်စက်ရုံကို ICDC လုပ်ငန်းအုပ်စုက ပိုင်ဆိုင်ပြီး ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကတော့ ဦးအောင်မိုးကျော်ဖြစ်ပါတယ်။

အလုပ်သမားတွေဘက်ကတော့ ဆက်လက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ လိုလားတယ်လို့ ပြောဆိုခဲ့ပါတယ်။