ပြည်နယ်နဲ့ တိုင်းဒေသကြီး ၅ ခုမှာ ရာသီ တုပ်ကွေး H1N1 ရောဂါပိုး တွေ့ရှိသူ ၅ ဦး ထပ်မံတိုးလာတာကြောင့် လက်ရှိအချိန်အထိ ရောဂါပိုးတွေ့ရှိသူ ၂၃၅ ဦး ရှိလာပြီ ဖြစ်ပါတယ်။
ဒီနေ့ သံသယရှိသူ ၁၂ ဦးကို ဓါတ်ခွဲစစ်ဆေးရာမှာ ၅ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
"ဒီနေ့ သံသယလူနာ ၁၂ ဦး၊ Positive ၅ ယောက်၊ အဲဒါက ပဲခူးရယ်၊ တနင်္သာရီရယ်၊ ကရင်ရယ်၊ ရှမ်းတောင် ရယ်၊ စစ်ကိုင်းရယ်"
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဒီနေ့မွန်းလွဲ ၂ နာရီအထိ လတ်တလောပြင်းထန် အသက်ရှူ လမ်းကြောင်း ရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်း လူနာ ၆၂၉ ဦး ရှိသွားပြီလို့လည်း ပြောပါတယ်။
H1N1 ရောဂါပိုးကြောင့် တစ်နိင်ငံလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်အထိ သေဆုံးသူ ၂၃ ဦး ရှိနေတာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ရောဂါပိုး တွေ့ရှိထား သူတွေလည်း ရှိနေတာကြောင့် တိုင်းအစိုးရအဖွဲ့က အဝါရောင်အဆင့်သတ်မှတ်ပြီး ရောဂါပိုးတွေ့ရှိထားတဲ့ ခရိုင် ၃ ခရိုင်မှာ အသိပညာပေးလုပ်ငန်းတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်။
ခုခံကျကာလသားရောဂါ၊ ကျောက်ကပ်ရောဂါ၊ ပြင်းထန်အဆုတ်တီဘီရောဂါ၊ ဆီးချိုသွေးချို စတဲ့ အခြား ရောဂါ အခံရှိတဲ့သူတွေနဲ့ ရာသီတုပ်ကွေးရောဂါ ပြင်းထန် စွာခံစားရနိုင်တဲ့ အသက်အရွယ် ကြီးသူတွေ၊ ကလေးငယ် တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါ လက္ခဏာတွေ ခံစားရရင် နီးစပ်ရာ ကျန်းမာရေးဌာနနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံ ယူသင့်ကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။