မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ်တချို့မှာ မနေ့က မိုးသီးတွေ ကြွေကျခဲ့တာကြောင့် သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ရပ်စောက်မြို့မှာ မနေ့က ၃ နာရီနီးပါးကြာမိုးရွာပြီး မိုးသီးတွေကြွေကျခဲ့တာကြောင့် သီးနှံစိုက်ခင်းတွေ ပျက်စီးသွားတယ်လို့ မြို့ခံ ကိုစိုင်းစိုးဝင်း က ပြောပါတယ်။
"နောက်စလုံးထက်ကြီးတယ်၊ ပန်းတို့ မုန်ညင်းတို့ အကုန်ပျက်စီးကုန်တယ်၊ ပြတင်းပေါက်မှန်တွေ ကွဲကုန်တယ်၊ နောက်သွပ်မိုးတွေပေါက်ထွက် ကုန်တယ်"
အလားတူ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်နဲ့ ဟုမ္မလင်းမြို့တွေမှာလည်း မနေ့က မိုးရွာသွန်းပြီး မိုးသီးတွေ ကြွေကျခဲ့ပါတယ်။
ဒီနှစ် မိုးသီးကြွေတဲ့ အရွယ်အစားဟာ သာမန်ထက်ပိုကြီးတဲ့အတွက် ပျက်စီးဆုံးရှုံးမှုလည်းများမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
ဒါ့အပြင် နောက် ၂ ရက်လောက်အထိ မိုးရွာသွန်းနိုင်ပြီး လာမယ့်မေလအထိ အပူချိန်က မြင့်မားနိုင်တယ် လို့လည်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။
ဒေါက်တာထွန်းလွင်ကို RFA သတင်းထောက် မပြုံးမို့မို့ဇင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။