သမ္မတ ဦးသိန်းစိန်ကို ဟားခါးလူထု ဝမ်းပန်းတသာ ကြိုဆို

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ရဟတ်ယဉ်သုံးစီးနဲ့ ဒီနေ့ ညနေ ၃ နာရီမှာ ချင်းပြည်နယ်ရဲ့ မြို့တော်၊ ဟားခါး ကို ရောက်ရှိသွားကြပါတယ်။

ဟားခါးဒေသခံတွေက ထောင်နဲ့ချီပြီး ချင်းမျိူးနွယ်စုတွေရဲ့ ရိုးရာဝတ်စုံတွေ၊ ရိုးရာအကတွေနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုခဲ့ကြတယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက RFA ကိုပြောပါတယ်။

ဦးသိန်းစိန်ဟာ မနက်ဖြန် ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဟားခါးမြို့က ဌာနဆိုင်ရာအကြီးအကဲ၊ မြို့မိမြို့ဖတွေ နဲ့ တွေ့ဆုံမှာဖြစ်ပြီး အဲဒီနောက် ဟားခါးမြို့ပေါ် က နွားနောက် မွေးမြူရေးခြံ၊ လက်ဖက် စိုက်ပျိူးရေးခြံတွေ ကြည့်ရှုမယ်လို့ ဝန်ကြီးဦးဗန်ထောင်း က ပြောပါတယ်။

နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံတဲ့အခါမှာ ဟားခါးမြို့ဒေသခံတွေက ချင်းပြည်နယ်တစ်ခုလုံး လျှပ်စစ်မီးပုံမှန်ရရှိရေး၊ သောက်သုံးရေ ဖူလုံရေးနဲ့ ဟားခါးမြို့ဒီကရီကောလိပ် ဖွင့်လှစ်ပေးရေးကိစ္စတွေကို တင်ပြမယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မနေ့က တစ်ရက်အနားယူခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ မနက် ၉ နာရီခွဲမှာ တီးတိန်မြို့ကိုရောက်ရှိပြီး၊ အဲဒီမှာ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီ့နောက် ဖလမ်းမြို့ကတဆင့် ဟားခါးကို ရောက်သွားတာဖြစ်တယ်။