ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ အစိုးရတပ်မတော်က ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ပေးဖို့၊ နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေးကြဖို့ ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။
စစ်နဲ့ သင့်မြတ်အောင် ပြန်လည်လုပ်ဆောင်လို့မရတဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးကြဖို့တောင်း ဆိုတာဖြစ်တယ်လို့ ဟားခါးမြို့က ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ဆလိုင်းဗန်ထန်ကျဲက ပြောပါတယ်။
"ပြည်တွင်းမှာဖြစ်နေတဲ့ ထိုးစစ်တွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ ဒါပထမဆုံးရည်ရွယ်ချက်ဖြစ်ပါတယ်။ အဓိက စစ်နဲ့ ကျနော်တို့နိုင်ငံကို သင့်မြတ်အောင် လုပ်လု့ိမရဘူး၊ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းနဲ့ဆွေးနွေးမှသာ အဖြေရမယ်ဆိုတာ အဓိကဖြစ်ပါတယ်"
ဆန္ဒပြသူတွေက ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသား လူမျိုးများတန်းတူရေး၊ ပြည်သူ့ဘဝလုံခြုံရေး စတာတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
ဟားခါးမြို့မှာ မနက် ၁ဝ နာရီကနေ ၁၂ နာရီအထိ မြို့တွင်းလှည့်လှည်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ထန်တလန် မှာ နေ့လည် ၁ နာရီကနေ ၃ နာရီအထိ လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
