ဟံသာဝတီလေဆိပ်ကြီးကို ဒီနှစ်အတွင်း စတင်ဆောက်လုပ်တော့မည်

အာရှဒေသမှာ ကြားခံအဖြစ် အဓိကချိတ်ဆက်နိုင်မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တစ်ခုကို ရန်ကုန်မြို့နဲ့ မိုင် ၅၀ ခန့် အကွာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အခုနှစ်အတွင်း စတင်တည်ဆောက်ဖို့ ကုမ္ပဏီ ၇ ခုကို လေလံတွေ စတင်ချထားတော့မယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက RFA ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ ပြောကြားပါတယ်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ မင်္ဂလာဒုံ လေဆိပ်ထက် ၁၀ ဆနီးပါး ကြီးမားမှာဖြစ်ပြီး၊ စင်ကာပူက ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ထိုင်းနိုင်ငံက သုဝဏ္ဏဘူမိလေဆိပ်ကြီးတွေလိုပဲ ခရီးသည်တွေနဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် အာရှဒေသတွင်းမှာ အရေးပါလာမှာဖြစ်တယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောလိုက်တာပါ။

မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ဧရိယာအားဖြင့် ၁၀၀၂ ဧကကျယ်ဝန်းပြီး၊ တစ်နှစ်ကို ခရီးသည် ၂ ဒသမ ၇ သန်းလောက် အဝင်အထွက်ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံးဖြစ်လာမယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကတော့ ဧကပေါင်း ၉၆၀၀ ကျော်ကျယ်ဝန်းပြီး၊ တစ်နှစ်ကို ခရီးသည် ၁၂ သန်းလောက် ကိုင်တွယ်နိုင်မယ်လို့ သိရပါတယ်။

အဲဒီ့လေဆိပ်ကြီးကို အခုနှစ် နှောင်းပိုင်းလောက်မှာ စတင်တည်ဆောက်ဖို့ မျှော်မှန်းထားပြီး၊ ၂၀၁၇ ခုနှစ်ဆန်းပိုင်းမှာ လုပ်ငန်းတွေ စတင်လည်ပတ်နိုင်လိမ့်မယ်လို့ သိရပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00