၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုရဲ့ ဝ.၂၃% ရာခိုင်နှုံးသာ ကျန်းမာရေး စောင့်ရှောက်မှု အတွက် သုံးစွဲတာ တွေ့ရလို့ ကမ္ဘာပေါ်မှာ ပြည်သူလူထု အတွက် ကျန်းမာရေး စောင့်ရှောက်မှု အနည်းဆုံး နိုင်ငံထဲမှာ ပါဝင်နေတယ်လို့ Denmark အစိုးရက ဆိုပါတယ်။ နောက်သဘောတူညီချက် တခုကတော့ မျိုးဆက်ပွား ကျန်းမာရေး လုပ်ငန်းနဲ့ မိသားစု စီမံကိန်း အတွက် အကူအညီပေးရေး စာချုပ် ဖြစ်ပါတယ်။ ဒီစီမံကိန်းကိုတော့ HIV မပြန့်ပွားရေး၊ ကလေး ကျန်းမာရေး တိုးတက် ကောင်းမွန်ရေး၊ မီးဖွားချိန် မိခင်ဆုံးပါးမှု လျော့နည်းရေး အတွက် ရည်ရွယ် ဆောင်ရွက်တာ ဖြစ်ပါတယ်။ Denmark နိုင်ငံသုံး Kroner ငွေ ၂ သန်းကျော် ကုန်ကျမည့် စီမံကိန်းဟာ ကလေးငယ်တွေရဲ့ ကျန်းမာရေး ပိုမိုတိုးတက် ကောင်းမွန်စေဖို့နဲ့ ခြောက်သွေ့ဇုန် ဒေသတွင်းရှိ အိမ်ထောင်စု လေးသောင်းခန့် အတွက် ကျမ္မာရေး ပညာပေး လုပ်ငန်းတွေကို ဒေသခံ ကျန်းမာရေး ဝန်ထမ်းတွေက တဆင့် ဆောင်ရွက်ပေးရေး စီမံကိန်းတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံခြား အကူအညီ ရရှိတဲ့ အချိုးကို တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာ တစ်ယောက် အတွက် ၁၁ ဒေါ်လာ ရတဲ့အချိန်မှာ ကမ္ဘောဒီးယားက ဒေါ်လာ ၈၀ နဲ့ လာအိုက ၅၁ ဒေါ်လာ အသီးသီး ရရှိနေကြပါတယ်။