မြန်မာ့အရေး နယူးဇီလန်ပါလီမန်မှာ ကြားနာ

မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း နယူးဇီလန်ပါလီမန်ရဲ့ နိုင်ငံခြားရေးရာ သီးသန့် ကော်မတီမှာ ဒီကနေ့ ကြားနာခဲ့တယ်လို့ သိရပါတယ်။

0:00 / 0:00

ဒီကြားနာပွဲမှာ ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ၉၆ ကျောင်းသား ခေါင်းဆောင်ဟောင်းနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ကိုအောင်ခိုင်မင်းက ကိုယ်တိုင် တက်ရောက် ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူတွေအပေါ် စစ်အစိုးရ ဖိနှိပ်အုပ်ချုပ်နေကြောင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြောဆိုနေပေမဲ့ လက်တွေ့မှာ ကွာဟနေကြောင်း တက်ရောက် ထွက်ဆိုခဲ့တယ်လို့ RFA က ဆက်သွယ်မေးမြန်းရာမှာ ကိုအောင်ခိုင်မင်းက ပြောပြပါတယ်။

“ဒီနေ့မနက်မှာ နယူးဇီလန် ပါလီမန် Foreign Affairs Defense and Trade Select Committee ပေါ့နော်၊ အဲဒီမှာ ကျွန်တော် စကားပြောပါတယ်။ စကားပြောတဲ့အခါမှာ ဒီ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နအဖ စစ်အစိုးရရဲ့ ပြည်သူလူထုကို ဖိနှိပ်တဲ့ ကိစ္စတွေ၊ နောက် အဓိကကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဆိုတာက ဒီ ရွေးကောက်ပွဲတွေဟာ တရားမျှတမှု မရှိဘူး၊ နောက်တခုက ပြည်သူလူထုအတွက် လုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဖူး။ ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ မပြည့်စုံဘူး။ အဲဒီအပြင်၊ စစ်အစိုးရကို တရားဝင်အောင် လုပ်နေတဲ့ ရွေးကောက်ပွဲတွေသာ ဖြစ်တယ် ဆိုတဲ့ အကြောင်းကို အချက်အလက် ၊ အထောက်အထားတွေနဲ့ ဖော်ပြပါတယ်။”

ဒီကြားနာပွဲရဲ့ အဓိက ရည်ရွယ်ချက် မြန်မာစစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲ နိုင်ငံတကာက အသိအမှတ် မပြုရေး နယူးဇီလန်အစိုးရက အာဆီယံနိုင်ငံတွေကို ဖိအားပေးဖို့ ဖြစ်တယ်လို့ ကိုအောင်ခိုင်မင်းက ပြောပါတယ်။

ကိုအောင်ခိုင်မင်းဟာ နယူးဇီလန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဖိတ်ကြားမှုနဲ့ နယူးဇီလန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူဟာ ၁၉၉၆ ကျောင်းသား သပိတ်မှာ ဦးဆောင်ခဲ့သူ ကျောင်းသားတဦ းဖြစ်ပြီး ၁၉၉၇ ကနေ ၂၀၀၂ အထိ ၅ နှစ်ကြာ အကျဉ်းကျခံခဲ့ရသူ ဖြစ်ပါတယ်။

နယူးဇီလန်ပါလီမန်ဟာ မနေ့ကလည်း မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ ပြည်သူတွေ လွတ်လပ်စွာ သဘောထား ဖော်ထုတ်ခွင့်ပေးရေး မြန်မာစစ်အစိုးရကို တောင်းဆိုတဲ့ ပါလီမန် ဆုံးဖြတ်ချက်တရပ်ကိုလည်း ချမှတ် တောင်းဆိုထားပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး နယူူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့တော်ကို ရောက်နေတဲ့ AAPP က ကိုအောင်ခိုင်မင်းနဲ့ RFA မှ ကိုကျော်မင်းထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်