ဒေသလွှတ်တော်တွေ စွမ်းရည်မြင့်ရေး ခြေ/ဥ ပြင်ဖို့ လို


2016.02.14
yangon-parliament-620.JPG ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေ ပိုမိုအသက်ဝင်လာဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပြဌာန်း ရမှာဖြစ်တယ်လို့ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်တဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ ဒေသဆိုင်ရာ လွှတ် တော်တွေ ဖြစ်ပေါ်လာစေရေးနဲ့ နိုင်ငံရေးမှာ နိုင်ငံသားတွေ ပိုမိုပါဝင်လာစေရေး ဆွေးနွေးပွဲအပြီးမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့က ဒါရိုက်တာ ကိုသက်ဇော် က ပြောပါတယ်။

"တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်က အင်မတန် နည်းလွန်းပါတယ်၊ ဥပမာဆိုရင် သတ္တုတွင်းဝန်ကြီးဌာနရဲ့အောက်မှာ ဆားလုပ်ငန်း လောက်ပဲလုပ်ပိုင်ခွင့်ပေးတာမျိုး၊ ငါးမွေးမြူရေးနဲ့ ပတ်သက်ရင်လည်း အင်းအိုင် အသေးလေးလောက်ပဲ လုပ်ပိုင်ခွင့်ပေးတာမျိုး၊ ပြောရရင်တော့ ဆားချက်တာ လောက်ပဲလုပ်ခွင့်ရှိတယ်၊ အဲ့တော့ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးကတော့ ပြည်နယ်တိုင်း ဒေသကြီးလွှတ်တော်တွေ လုပ်ပိုင်ခွင့်ပေးလာ ဖို့တော့ ပြည်ထောင်စု လွှတ်တော်ကပါပဲ"

အဲ့ဒီဆွေးနွေးပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ကိုနေဘုန်းလတ်တို့ ဆွေးနွေးခဲ့ကြပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်များအားပေးမြှင့်တင်ရေးအဖွဲ့ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ လက်ရှိရရှိထားတဲ့ လုပ်ကိုင်ခွင့်တွေနဲ့ ထိရောက်တဲ့ အဆိုတွေ တင်သွင်းနိုင်ဖို့အချက်အလက်တွေ ပံ့ပိုးပေး သွားမှာဖြစ်ပြီး လိုအပ်တဲ့ ဆွေးနွေးပွဲတွေကိုလည်း လုပ်ဆောင်ပေးမယ်လို့ ပြောပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၇၀ ဦးကျော် တက်ရောက်ခဲ့ကြပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့က ဒါရိုက်တာကိုသက်ဇော် ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။