ဒီဇင်ဘာ ၂ ရက်မှာ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီနေ့ တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီ ကလင်တန်တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံဝင်း အတွင်းမှာ ကျင်းပဖို့ ရှိပြီး နေရာ ထိုင်ခင်း အခြေအနေ အရ သတင်းထောက် အရေအတွက်ကို ကန့်သတ်ထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံဝင်း အတွင်း အပြင် လုံခြုံရေး အတွက် အမေရိကန် သံရုံးကလည်း ပူးတွဲ တာဝန်ယူထားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သတင်းယူနိုင်ဖို့ အစိုးရ အသိအမှတ် ပြုထားတဲ့ ပြည်တွင်း သတင်း မီဒီယာတွေ ပတ်စပို့ ဓာတ်ပုံ ၄ ပုံ အပါအဝင် ကိုယ်ရေး အချက်အလက်တွေနဲ့ တကွ လျှောက်ထားကြရကြောင်း သိရပါတယ်။ ဒါပေမယ့် ပြည်ပ သတင်း မီဒီယာတွေနဲ့ အလွတ် သတင်းထောက်တွေ အခုအချိန်ထိ ခွင့်ပြုချက် မရသေးဘူးလို့ အလွတ် သတင်းထောက် တစ်ဦးက ဆိုပါတယ်။
