လှိုင်သာယာမှာ အလုပ်သမား ၁၅ဝဝ ကျော် လမ်းလျှောက်ဆန္ဒပြ

အလုပ်သမား ဥပဒေမှာ ပြဌာန်းထားတဲ့ အလုပ်ရှင်ပေါ်ချမှတ်တဲ့ ပြစ်ဒဏ်တွေဟာ ထိရောက်မှုမရှိ တာကြောင့် နောင်တက်လာမယ့် အစိုးရသစ်အနေနဲ့ ထိရောက်တဲ့ ပြစ်ဒဏ်တွေကို ပြင်ဆင်သတ်မှတ်ပေးဖို့ အလုပ်သမား ၁၅ဝဝ ကျော်က ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ကနေ စက်မှုဇုန်ဝင်းတစ်လျှောက် လမ်းလျှောက် ဆန္ဒဖော်ထုတ် ခဲ့ကြတာဖြစ်ပါတယ်။ အလုပ်ရှင်တွေအပေါ် သတ်မှတ်ထားတဲ့ ဥပဒေကို ပြင်ဆင်ပေးဖို့ လိုအပ်ကြောင်း အလုပ်သမားတွေနဲ့အတူ ဆန္ဒပြတဲ့ အလုပ်သမားအရေး လုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးဌေးက ပြောပါတယ်။

"အလုပ်သမားအများစုက အဲ့ဒါနဲ့ ဘဝပျက်တာ၊ အလုပ်သမား အခွင့်အရေးတွေ ဆုံးရှုံးတာဖြစ်တဲ့အတွက် ဒါတွေကို ပြင်ဆင်ပေးမှဖြစ်တယ်၊ ပြင်ဆင်ပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ နောက်ဆုံး ကာလတွေဖြစ်တော့ လာမယ့်လွှတ်တော်အသစ်အတွက်တော့ ရည်ရွယ်ပြီးတော့ လွှတ်တော်အသစ်မှာ တင်ကြမှာ၊ ဒီစာတွေတင်ဖို့ဟာအတွက် ဒီအလုပ်သမားလှုပ်ရှားမှုဟာ အစိုးရအသစ်အတွက် လွှတ်တော် အသစ်အတွက် ဒါဟာ ရှေ့ပြေးကနဦးပေါ့၊ အဲ့ဒီမှာပြင်နိုင်အောင် ကြိုးစားကြရမှာ"

လက်ရှိပြဌာန်းထားတဲ့ အလုပ်သမားဥပဒေမှာ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာတွေ ဖြစ်ပွားတဲ့အခါ အလုပ်ရှင်တွေအတွက် ငွေဒဏ်ပေးဆောင်ဖို့သာ ပြဌာန်းထားပြီး ငွေဒဏ်အစား ထောင်ဒဏ် ပြင်ဆင်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုကြတာဖြစ်ပါတယ်။

အဲ့ဒီဆန္ဒပြပွဲမှာ ခုံသမာဓိကောင်စီရဲ့ ခွင့်ပြုချက်ကို မလိုက်နာသူ မည်သူကိုမဆို အနည်းဆုံးထောင်ဒဏ် ၁ နှစ် ချမှတ်ပေးဖို့၊ ညှိနှိုင်းမှုမလုပ်ပဲ အလုပ်ရှင်က တဖက်သက် အလုပ်ထုတ်ပယ်ရင် အရေးယူပေးဖို့၊ အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူစာချုပ်နဲ့ ဒေသန္တရ လုပ်ငန်းခွင် စည်းကမ်းတွေကို အလုပ်ရှင်နဲ့အလုပ်သမား နှစ်ဘက် သဘောတူညီမှုနဲ့ အမြန်ဆုံးချုပ်ဆိုပေးဖို့ စတဲ့အချက်တွေကို ကြွေးကျော်ခဲ့ကြတာဖြစ်ပါတယ်။

အလုပ်သမားတွေဟာ လှိုင်သာယာမြို့နယ် ဂရိတ်ဝေါ စက်ရုံကနေ အောင်မြေသာယာ အားကစားကွင်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။