လှည်းကူး ရန်ပွဲ ၉ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဈေးထဲမှာ မနေ့ညနေ ၄ နာရီလောက်က ဖယောင်းပုဆိုးရောင်းတဲ့ ဗမာနဲ့ မွတ်စလင်ဈေးဆိုင်နှစ်ဆိုင်က လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာ ကနေအစပြုပြီး၊ ဆူပူမှှုတွေဖြစ်ပါွးခဲ့တဲ့ အတွက် အနည်းဆုံး လူ ၉ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ခိုက်ရန်ဖြစ်တဲ့ ဆိုင်နှစ်ဆိုင်မှာ ဆိုင်တစ်ဆိုင်က မွတ်စလင် လူငယ်က ကတ်ကြေးနဲ့ ထိုးလိုက်တဲ့အတွက် အထိုးခံရတဲ့တဘက်ဆိုင်က ဗမာလူငယ် မျက်လုံးအောက်နား ထိခိုက်သွားပြီး ဆေးရုံတင်လိုက်ရ ပါတယ်။

အဲဒီလိုဖြစ်ပြီးတဲ့နောက် လူတချို့ က ပြစ်မှုကျူးလွန် သူလူငယ်သွားရောက်ပုန်းအောင်းခဲ့တဲ့ အိမ်ကို ဝိုင်းပြီး ဖျက်ဆီးကြသလို၊ မြို့ထဲကနေအိမ်တွေနဲ့ဈေးဆိုင်တွေ ကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေထဲက အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၂ ယောက် ရန်ကုန်မြို့ပေါ်ကို ဆေးကုဖို့ ရောက်လာတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းကြည်က RFA ကိုပြောပါတယ်။

"လှည်းကူးကနေပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ၈ ယောက်သယ်လာတယ်လေ၊ မ က ၆ ယောက်၊ ကျားက ၂ ယောက် မင်္ဂလာတောင်ညွန့်မှာ ၉၂ လမ်းနဲ့ ဒေါ်သိန်းတင်လမ်းမှာ ၄ ယောက်၊ ၁၁၈ လမ်းမှာ ၄ ယောက် သူတို့ကဒဏ်ရာတွေနဲ့ဗျ၊ ဒါပေမဲ့ စိတ်မကောင်းစရာက ဒဏ်ရာရနေတဲ့ လူနာတွေကို ရန်ကုန်တိုင်းရဲက အထက်က ဖိအားပေးတာနဲ့ဆေးရုံကနေပြီးတော့ ဆေးလေးထည့်ပေးတယ်၊ ပတ်တီးလေးစည်းပေးပြီး ချက်ချင်း ဆင်းခိုင်းတယ် "

ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့လူငယ်ကို ရဲကအခုဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြေအနေတွေထိမ်းသိမ်းနိုင်ဖို့ ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီချထားလိုက်သလို ပုဒ်မ ၁၈၈ ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့လည်း လှည်းကူးမြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ကျအရာရှိရော၊ လှည်းကူးရဲစခန်းကပါ တာဝန်ကျဝန်ထမ်းတဦးကပါ အတည်ပြု ပြောဆို ပါတယ်