လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦး NLD ပါတီဝင်ရန် လျှောက်လွှာတင်

လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦးတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များအဖြစ် ပါဝင်လှုပ်ရှားနိုင်ဖို့ လျှောက်လွှာ တင်သွင်းလာတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အဲဒီ NLD ပါတီဝင်အဖြစ် လျှောက်ထားသူတွေအနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကြီးမြင့်က NLD ပါတီဝင်အဖြစ် သူအခုလို လျှောက်ထားရတာဟာ စိတ်ပြောင်းလာလို့ မဟုတ်ကြောင်း၊ လာမဲ့ ၂၀၁၅ ခုနှစ်မှာလည်း လွှတ်တော်အမတ် ပြန်လုပ်ဖို့ ရည်ရွယ်ချက်မရှိကြောင်းနဲ့ NLD ပါတီ ပြန်လည်မှတ်ပုံတင်ရင် NLD ကို ပြန်သွားဖို့ စောစောပိုင်းကထဲက ရည်ရွယ်ထားတာကြောင့် ဖြစ်ကြောင်း ပြောပါတယ်။

NLD ပါတီဝင်အဖြစ် လျှောက်ထားသူ လွှတ်တော်ကိုယ်စားလှယ် နောက်ထပ် နှစ်ဦးအနက် ဦးခင်မောင်ဝင်းဟာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး၊ ဒေါက်တာသန်းဝင်းက မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါတယ်။