လုပ်ခ သက်သာအောင် ဟောင်ကောင် အထည်ချုပ် မြန်မာကို ရွှေ့မည်


2014.03.11
textile-factory-305 ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်သမတဦး စက်ချုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဟောင်ကောင် အထည်ချုပ်လုပ်ငန်း စက်မှုဇုန် ရန်ကုန်မှာ တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

ရန်ကုန်အနီး ဂျပန်က တည်ဆောက်နေတဲ့  သီလဝါ အထူးစီးပွားရေးဇုန်မှာ မြေငှားရမ်းပြီး ချည်မျှင်နဲ့ အထည်စက်ရုံလုပ်ငန်း စက်မှုဇုန်တည်ဆောက်ဖို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ဲဲပြီးဖြစ်တယ်လို့ South China Morning Post သတင်းက ဖေါ်ပြ ပါတယ်။

အခုလို ရန်ကုန်မှာ လာရောက် ရင်းနှီးမြှုပ်နှံတာဟာ အလုပ်သမား လုပ်ခ ဈေးပေါတဲ့အတွက် ဟောင်ကောင် မှာထက် ထုတ်လုပ်မှုစရိတ် အနည်းဆုံး တဝက် သက်သာသွားမှာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ လုပ်ငန်းစတင်လည်ပတ်ပြီဆိုရင် မြန်မာအထည်ချုပ် အလုပ်သမားတွေကို ဟောင်ကောင်က အလုပ် သမားတွေ ရတဲ့လုပ်ခရဲ့ ၂၀ ရာနှုန်းသာ ပေးရမှာဖြစ် ပါတယ်။

ဒီအတွက် ဟောင်ကောင် အထည်ချုပ်လုပ်ငန်းဒေသ မဲဆန္ဒနယ် ရဲ့ လွှတ်တော်အမတ် ဖိလစ်ချာင်းက အထည်ချုပ်လုပ်ငန်း ၁၂ ခုကို ကိုယ်စားပြုပြီး ဧက တစ်ထောင်ကျယ်ဝန်းတဲ့ ရန်ကုန် သီလဝါ အထူးစီးပွားရေးဇုန်ရဲ့ တဝက်ဖြစ်တဲ့ ဧက ၅၀၀ ကိုငှားရမ်းပြီး ဟောင်ကောင် အထည်ချုပ်လုပ်ငန်း စက်မှုဇုန်တည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တာပါ။

အဲဒီ စီမံကိန်းအတွက် မြေငှားရမ်းခ တစ်နှစ် အမေရိကန်ဒေါ်လာ ၅၂ သန်းနဲ့ နှစ် ၅၀ ငှားရမ်းမှာဖြစ်ပါ တယ်။ ဟောင်ကောင် အထည်ချုပ်လုပ်ငန်း စက်မှုဇုန်တည်ဆောက်ရေးမှာ မြန်မာနဲ့ ဂျပန်လည်း ဖက်စပ်ပါဝင်မယ်လို့ သိရပါတယ်။

တည်ဆောက်ရေးလုပ်ငန်းတွေကို လာမယ့် ၂၀၁၅ နှစ်လည်ပိုင်းမှာ စတင်မှာဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်ကုန်ပိုင်းမှာ လုပ်ငန်းတွေ စတင်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း လွှတ်တော်အမတ် ဖိလစ်ချောင်းက ပြောပါတယ်။

ဟောင်ကောင် အထည်ချုပ်လုပ်ငန်း စက်မှုဇုန်အနေနဲ့ မြန်မာအလုပ်သမား အနည်းဆုံး သုံးသောင်း ငှားရမ်းဖို့ စီစဉ်ထားပြီး၊ လုပ်ခအနေနဲ့ တစ်လ အမေရိကန်ဒေါ်လာ ၁ဝဝ ကနေ ၁၂ဝ အထိပေးမယ်လို့ ဆိုပါတယ်။ ဒီနှုန်းဟာ ဟောင်ကောင် အလုပ်သမားလုပ်ခရဲ့ ငါးပုံတစ်ပုံဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံကို  အီးယူ ဥရောပသမဂ္ဂက ပြန်လည်ပေးအပ်ထားတဲ့  ပို့ကုန်အခွန် သက်သာခွင့်ကိုလည်း ခံစားရဦးမယ်လို့ ဟောင်ကောင် လွှတ်တော်အမတ် ဖိလစ ်ချောင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။