မိတ္ထီလာက လူ့အခွင့်အရေး ဆွေးနွေးပွဲ

မန္တလေးတိုင်း မိတ္ထီလာခရိုင်မှာ လူ့အခွင့်အရေး ဆွေးနွေးပွဲတရပ်ကို HRDP လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ရက်က ဦးစီးပြီး ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

2011.09.17

ဆွေးနွေးပွဲကို မိတ္တီလာမြို့မှာ ပြုလုပ်ခဲ့ပြီး မြင်းခြံ၊ သာစည်၊ လယ်ဝေး၊ တောင်သာ စတဲ့မြို့နယ် ၆ မြို့နယ်က စိတ်ဝင်စားသူ စုစုပေါင်း ၄၂ ဦး တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်လာသူတွေက လူ့အခွင့်အရေးကို ဥပဒေဘောင်အတွင်းက ဘယ်လို ကာကွယ်နိုင်တယ် ဆိုတာကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဦးဆောင်ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ ဦးမောင်မောင်လေးက ပြောပါတယ်။

“အင်မတန် အားရစရာ ကောင်းပါတယ်။ တချို့ဆို HRDP အနေနဲ့ကို ဆောင်ရွက်ချင်တဲ့သူ အများကြီး ရှိပါတယ်။ လာတဲ့သူတွေကတော့ ဝန်ထမ်းတချို့ပါတယ်၊ လယ်သမား ယာသမားတွေ ပါတယ်၊ လူငယ်လူလတ် အမျိုးစုံ တက်ရောက်လာတာ တွေ့ရပါတယ်။ ဒီ လူ့အခွင့်အရေး ကိစ္စတွေကို သူတို့ ဒေသမှာလည်း ကွန်ရက်အနေနဲ့ ချိတ်ဆက်ပြီး ရှေ့ဆက် ဆောင်ရွက်ချင်တဲ့ကိစ္စတွေ၊ တခြားမြို့နယ်တွေက ဆက်လက်ဖိတ်ကြားတဲ့ ကိစ္စတွေကို အားတက်တရော ဆွေးနွေးကြပါတယ်”

ဒီဆွေးနွေးပွဲမှာ တခြား HRDP ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးစောဘန်ကူး၊ ဦးကျော်လွင် တို့လည်း ဦးဆောင်ပါဝင် ဆွေးနွေးခဲ့ပါတယ်။ HRDP ရဲ့ လုပ်ငန်းတွေကို ဆွေးနွေးတင်ပြခဲ့သလို နိုင်တကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကိုလည်း ဆွေးနွေး တင်ပြခဲ့ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်လာတဲ့ လယ်ဝေမြို့က လူ့အခွင့်အရေး စိတ်ဝင်စားသူ တဦးကလည်း အခုလို ပြောပါတယ်။

“အခုလို ဆွေးနွေးရတဲ့အတွက် အရင်တုန်းက မသိခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ဒီနေ့ သိသွားပါတယ်။ ကလေးစစ်သား စုဆောင်းရေးတို့ လူကုန်ကူးခြင်းတို့ကို ဆွေးနွေးပါတယ်။ ဒါတွေ အရင်တုန်းက ဒီလောက်မသိခဲ့ပေမယ့် ခုလို ဝိုင်းဖွဲ့ပြီး ဆွေးနွေးတဲ့အခါမှာ အကျိုးအမြတ် အများကြီး ရှိပါတယ်။ လယ်ယာသိမ်းဆည်းတာ၊ စစ်တပ်က သီးစားတွေ ပြန်ချထားတဲ့ကိစ္စတွေကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာတွေ ဆွေးနွေးဖြစ်ပါတယ်”

HRDP ရဲ့ လူ့ အခွင်အရေး ဆွေးနွေးပွဲတွေကို မိတ္ထီလာမြို့မှာ ၃ ရက် ဆက်တိုက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အခု ဆွေးနွေးပွဲကို မိတ္ထီလာမြို့က ဒေါ်အေးအေးအောင် နေအိမ်မှာ လက်ခံကျင်းပတာ ဖြစ်ပါတယ်။ ဒါ့အပြင် HRDP ဆွေးနွေးပွဲတွေကို မန္တလေးမှာလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။