အခုအချိန်မှာ မြန်မာနိုင်ငံက ပြောင်းလဲမှုတွေကို အားလုံးက စိတ်ဝင်တစား ရှိနေကြကြောင်း၊ အရင်က ဘာလွတ်လပ်ခွင့်မှ မရှိခဲ့တဲ့အတွက် အခုလိုအချိန်မှာ လွတ်လပ်ခွင့် တစ်စုံတစ်ရာရနေတဲ့အပေါ် မြန်မာအစိုးရကို ချီးကျူးဂုဏ်ပြုနေတာထက် သတ်မှတ်ထားတဲ့ ဥပဒေဟာ နိုင်ငံတကာ အဆင့်မီဥပဒေဖြစ်အောင် ဝိုင်းဝန်းတိုက်တွန်းဖို့ လိုအပ်ကြောင်း HRW ရဲ့ အာရှတိုက်ဆိုင်ရာ အကြီးအကဲ Brad Adams က ပြောပါတယ်။
သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ဥပဒေမှာ ဆန္ဒပြလိုပါက ငါးရက်ကြိုတင် ခွင့်ပြုချက်မယူရင် ထောင်ဒဏ်တစ်နှစ်အထိ ကျခံရမယ်လို့ သတ်မှတ်ထားပါတယ်။ ကြိုတင်ခွင့်ပြုချက်ရယူဖို့ ပျက်ကွက်တာနဲ့ ပြစ်ဒဏ်ပေးမယ်လို့ သတ်မှတ်ထားတဲ့အချက်ကို လွှတ်တော်က ပယ်ဖျက်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။
