အပြစ်ရှိသူတွေကို အရေးယူပေးဖို့ HRW တောင်းဆို

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း အကြမ်းဖက်မှုနဲ့ မီးရှို့ဖျက်ဆီးတဲ့ ဖြစ်ရပ်တွေကို အသေးစိတ် စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီးက ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

မူဆလင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာတွေ ရပ်တန့်သွားဖို့အတွက် ဥပဒေချိုးဖောက်ကျူးလွန်သူတွေ အရေးယူပေးဖို့၊ ဘာသာရေး၊ လူမျိုးရေး ခွဲခြားတာတွေမရှိပဲ အပြန်အလှန် သည်းခံခွင့်လွှတ်ပြီး အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုတယ်လို့လည်း HRW အဖွဲ့က တိုက်တွန်းထားပါတယ်။

HRW အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တောင်းဆိုချက်မှာ ဂြိုလ်တုကနေ ရိုက်ယူထားတဲ့ မိတ္ထီလာမြို့ပျက်စီးမှု ဓာတ်ပုံတွေကိုပါ ဖော်ပြထားပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ မိတ္ထီလာမြို့မှာ လူနေအိမ် ၈၅၀ နီးပါးအပြင် တခြားအဆောက်အဦး ၄၀ နီးပါးခန့်လည်း ဖျက်ဆီးတာခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဓိကရုဏ်းတွေမှာ ရဲတပ်ဖွဲ့က တားဆီးကာကွယ်ဖို့ ပျက်ကွက်ခဲ့တာကို စုံစမ်းဖော်ထုတ်သင့်သလို ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေ သင်ခန်းစာယူပြီး ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူ့အသက်အိုးအိမ်ကာကွယ်ဖို့၊ အကြမ်းဖက်မှုတွေ တားဆီးနိုင်ဖို့ လိုအပ်တဲ့အရည်သွေး မြှင့်တင်ပေးဖို့လိုတယ်လို့ အာရှရေးရာ ဒါရိုက်တာ Brad Adams ကို ကိုးကားပြီး ဒီကနေ့ HRW ရဲ့ ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။