ရခိုင်အကြမ်းဖက်မှုမှာ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်တယ်လို့ HRW စွပ်စွဲ


2013.04.22
rakhine-riot-305.jpg ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်တွေမြို့မှ နာဇီရွာမှ မွတ်စလင်ဒုက္ခသည်များကို လုံခြုံရေး အစောင့်အရှောက်ဖြင့် ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ပေးစဉ်။
Photo: RFA/Moe Thu Aung

၂၀၁၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်  အတွင်းမှာ နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့တဲ့အကြမ်းဖက် ပဋိပက္ခတွေမှာ မူဆလင်ရိုဟင်ဂျာတွေကို လူမျိုးတုန်းအောင် လုံခြုံရေးတပ်ဖွဲ့တွေက ကူညီပံ့ပိုးတာတွေ ရှိခဲ့တယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် Human Rights Watch အဖွဲ့က ဒီကနေ့မှာ အစီရင်ခံစာထုတ်ပြန်ပြီး စွပ်စွဲပြော ဆိုလိုက်ပါတယ်။

အစီရင်ခံစာထဲမှာ သေဆုံးသူတွေကို မြေမြှုပ်ထားတဲ့ အထောက်အထားတွေ၊ မီးလာင်ခဲ့တဲ့ရပ်ကွက် နဲ့ ကျေးရွာတွေ၊ မူဆလင်တွေ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးပြီး ဒုက္ခသည်စခန်းတွေ မှာ နေထိုင်နေကြရတာတွေကို ကိုးကားပြီး HRW အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

အကြမ်းဖက်ပဋိပက္ခတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးမှုမရှိခဲ့သလို တချို့ဖြစ်ရပ်တွေမှာဆိုရင် အကြမ်းဖက်တိုက်ခိုက်သူတွေကို ကူညီပံ့ပိုးတာတွေရှိတယ်လို့ HRW ရဲ့ အာရှရေးရာတာဝန်ခံ Phil Robertson က ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က HRW ရဲ့ အစီရင်ခံစာဟာ တဖက်သတ် စွပ်စွဲရေးသားချက်သာ ဖြစ်တယ်လို့ အခုလိုပြောပါတယ်။

"တင်တဲ့အဖွဲ့မှာရော ကျနော်တို့ ဗမာပြည်မှာ လာကြည့်တဲ့လူ ပါမပါတာလည်း ကျနော်လည်းမပြောတတ်ဘူး၊ ဟိုကနေပြီး သူများပြောတာနဲ့ ဒီမူဆလင်ဒုက္ခသည်တွေ ပြောတာနဲ့ ရေးတယ်ဆိုရင်တော့ ကျနော်က အဲဒါအခြေအမြစ်မခိုင်ဘူးလို့ ပြောချင်ပါတယ်ခင်ဗျ၊ ကြည့်တဲ့လူကလည်း အမှန်အတိုင်းမပြောဘူးလို့ ကျနော်ထင်ပါတယ် ခင်ဗျ"

လတ်တလော ဥရောပသမဂ္ဂနိုင်ငံများ EU အဖွဲ့က မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားဖို့ဆောင်ရွက်ချက်ဟာလည်း အချိန်မတန်သေးသလို မဖြစ်ထိုက်တဲ့ကိစ္စလို့လည်း HRW က ရေးသားပါတယ်။

သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကတော့ HRW ရဲ့ အစီရင်ခံစာဟာ ဥရောပသမဂ္ဂ ပိတ်ဆို့မှုဖယ်ရှားမယ့်အချိန်နဲ့ အချိန်ကိုက်ဆောင်ရွက်ချက်ဖြစ်ကြောင်း သူ့ရဲ့လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာအစိုးရအနေနဲ့ အခုလိုတဖတ်သတ် ရေးသားထားတဲ့ အစီရင်ခံစာမျိုးကို အလေးထားမှာမဟုတ်ပဲ အစိုးရက တရားဝင်ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ တွေ့ရှိချက်တွေ၊ အကြံပြုချက်တွေအပေါ်မှာပဲ အလေးထား အကောင်အထည်ဖော်သွားမယ်လို့ သူရဲ့လူမှုရေးစာမျက်နှာမှာ ရေးသားတုံ့ပြန်ထားပါတယ်။

HRW ရဲ့ အစီရင်ခံစာပါ အချက်တချို့နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်ကို ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။