လူ့အခွင့်အရေးချိုးဖေါက်မှု ကင်တားနား ဝေဖန်ပြစ်တင်


2013.03.08

မြန်မာနိုင်ငံမှာ ထင်ထင်ရှားရှား တွေ့မြင်နေရသေးတဲ့၊ အဓိကကျတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတချို့ကြောင့် မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေကို ထိခိုက်သွားနိုင်တယ်လို့ မနေ့ကထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်၊ ဒါပေမဲ့ အကျဉ်းထောင်တွေထဲမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ ဆက်ရှိနေတာ၊ လူမျိုးစုအတွေအပေါ် ခွဲခြားဆက်ဆံနေတာစတဲ့ ပေါ်လွင်မြင်သာနေတဲ့ ချို့ယွင်းချက်တွေ ရှိနေပါသေးတယ်၊ အဲဒီချို့ယွင်းချက်တွေ အခိုင်အမာ အားကောင်း အမြစ်စွဲလာပြီး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မတည်မငြိမ် ဖြစ်မလာခင် ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်ကျနေပါပြီ၊ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်နေပေမဲ့ ထိပ်ပိုင်းက အပြောင်းအလဲတွေနဲ့ အောက်ခြေက အကောင်အထည်ဖေါ်မှုကြားမှာ ကြီးကြီးမားမား အဟပ်ကွာနေပါတယ် လို့ မစ္စတာ ကင်တားနားက ပြော ပါတယ်။

မစ္စတာ ကင်တားနားရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို လာမယ့်သီတင်းပတ်အတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေဟာ မြန်မာ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ပြောင်းပြန်သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ကြောင်း  မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာမှာ အထူးပြုဖေါ်ပြ ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။