အစာငတ်ခံ ဆန္ဒပြနေတဲ့ ၄ ရက်မြောက်နေ့ မှာ အလုပ်သမား ၁၀ ဦးခန့် ကျန်းမာရေး ဆိုးရွားလာနေပြီး ၂ ဦးကို အခုလို ဆေးရုံတင်ပို့ လိုက်ရတာဖြစ်တယ်လို့ အစာအငတ်ခံ ဆန္ဒပြနေသူ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုနိုင်လင်းထွန်းက ပြောပါတယ်။
အစာငတ်ခံ ဆန္ဒပြ ဒုတိယနေ့ဖြစ်တဲ့ စနေနေ့ကလည်း ဆန္ဒပြနေသူ ၁ ဦးကို အစာအိမ်ရောဂါကြောင့် မှော်ဘီပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့ရပါတယ်။ နောက်ထပ် အလုပ်သမားတွေလည်း သတိလစ်မေ့မြောတာတွေ ဖြစ်လာတဲ့အတွက် အစာငတ်ခံ ဆန္ဒပြမှုကို ဒီကနေ့ ခေတ္တရပ်နားကြောင်းလည်း ပြောပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန အလုပ်သမားရေးရာ ညှိနှိုင်းရေးမှုး ညွန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်က စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမား ခေါင်းဆောင်တွေကြား ဒီကနေ့ သွားရောက် တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။
အလုပ်သမားတွေ တောင်းဆိုနေတဲ့ အခြေခံလစာကို တစ်နေ့ ၁၆၀၀ ကျပ် တိုးပေးဖို့အစား လစာနည်း အလုပ်သမားတွေကို ကျပ် ၃ သောင်းအထိ ဖြည့်ပေးပြီး အဆောင်နေခွင့်နဲ့ ထမင်းစားခွင့်ကို ရုပ်သိမ်းခြင်း၊ လစာ ၁ သိန်း ကနေ ၁ သိန်းခွဲအထိရတဲ့ အလုပ်သမားတွေကို အဆောင်နေခွင့်၊ ထမင်းစားခွင့်နဲ့ တလ ၅ သောင်းကျပ်သာ ပေးခြင်း စတာတွေပဲ လိုက်လျောနိုင်မယ် ဆိုတဲ့အတွက် ဆန္ဒပြ အလုပ်သမားတွေနဲ့ တာဝန်ရှိသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေရဲ့ အဓိက တောင်းဆိုချက်ကို အခုချိန်ထိ ထိုင်ဝမ်အလုပ်ရှင်က လိုက်လျောပေးခြင်း မရှိဘူးလို့ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲကို သွားရောက်ကူညီခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ပွင့်လင်း လူ့အဖွဲ့အစည်းဝင် မမာမာဦးက ပြောပါတယ်။
အလုပ်သမားတွေကတော့ သူတို့တောင်းဆိုချက်တွေ မရမချင်း ဆက်လက် ဆန္ဒပြနေကြဦးမယ်လို့ RFA ကို ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ ရွှေပြည်သာက စက်ရုံတစ်ရုံမှာ အလုပ်သမားတွေ တနင်္လာနေ့က စတင်ဆန္ဒပြနေတယ် လို့ သိရပါတယ်။