ရှပ်ပြေးယာဉ်နစ်မြုပ် လူ ၅၀ ပျောက်ဆုံးနေ

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီကနေ့ မနက် ၉ နာရီခွဲ အချိန်က ရေပေါ်ရှပ်ပြေး ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်း RFA က စုံစမ်းသိရပါတယ်။

ဗန်းမော်မြို့ ရှပ်ပြေးရေယာဉ်ဂိတ်အနီး ဗန်မော်ကနေ ကသာကို ထွက်ခွာမယ့် အဲဒီ ရှပ်ပြေးရေယာဉ်ပေါ်မှာ ၁၂ဝ ကျော် လိုက်ပါလာခဲ့ပြီး ခရီးသည် ၇ဝ ကို ဆယ်ယူခဲ့ပါတယ်။ လောလောဆယ် လူ ၁ ယောက် သေဆုံးပြီး လူ ၇ ယောက်ကို ဗန်းမော် ပြည်သူ့ဆေးရုံမှာ အောက်ဆီဂျင် ပေးထားရတယ်လို့ သိရပါတယ်။

ရှပ်ပြေးယာဉ်ဟာ ဧရာဝတီမြစ်ထဲကို နစ်မြုပ် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေဘက်က ရှပ်ပြေးယာဉ်ကို ဆယ်ယူဖို့ ကြိုးစားနေဆဲဖြစ်ပြီး ပျောက်ဆုံးနေသူ လူ ၅၀ ကတော့ အသက်ရှင်လျက် ကယ်တင်ရရှိဖို့ သိပ်မသေချာဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ခရီးသည် အားလုံးပေါင်း ၁၂၀ ကျော်ခန့် လိုက်ပါတဲ့ အဲဒီ ရေယာဉ်ဟာ ကမ်းက ထွက်ခွာစ အချိန်မှာပဲ နစ်မြုပ်ခဲ့တာပါ။ အဲဒီအချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ရေယာဉ်လည်း စက်ချို့ယွင်းမှု ရှိခဲ့တယ်လို့ ကြားသိရကြောင်း ဗန်မော်မြို့သူ တစ်ဦးက RFA ကို ပြောပါတယ်။

ဖြစ်ပွားရာ ဒေသကို ခရိုင်အုပ်ချုပ်ရေး၊ NLD ပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ ကြက်ခြေနီနဲ့ မြို့ခံလူထုတွေ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။