နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ စစ်တွေထောင်တွင်း ဝင်ရောက်စစ်ဆေး

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က အဖွဲ့ဝင်တွေ ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ အကျဉ်းထောင် အတွင်းက အခြေအနေတွေကိုသိရှိနိုင်ဖို့ မနေ့က စတင်ပြီး မေလ ၄ ရက်နေ့အထိ ၃ ရက်ကြာ ဝင်ရောက် စစ်ဆေးနေပါတယ်။

စစ်တွေ အကျဉ်းထောင်အတွင်း ဝင်ရောက်စစ်ဆေး မှုတွေ ပြုလုပ်နေတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC မှာ မြန်မာနိုင်ငံဆိုင်ရာ ညှိုနှိုင်းဆောင်ရွက်ရေးမှူး တစ်ဦးဖြစ်သူ Mr. Bjorn RAHM အပါအဝင် အဖွဲ့ဝင် ၁၁ ဦးပါရှိပါတယ်။ ဒီအဖွဲ့အနေနဲ့ သူတို့ရဲ့လုပ်ငန်း စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တွေအကျဉ်းထောင် အာဏာပိုင်တွေအပါအဝင် ထောင်ဝန်ထမ်းတွေနဲ့ မနေ့က သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့မှာတော့ အကျဉ်းထောင်အတွင်း အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ၊ မိလ္လာစနစ်၊ ရေသန့်ရရှိမှု အခြေအနေ၊ အစားအသောက်နဲ့ ဝတ်စားမှု အခြေအနေတွေကို အသေးစိတ် လေ့လာခဲ့ကြတယ်လို့လည်း သိရပါတယ်။