မြန်မာနိုင်ငံမှာ အာဏာပိုင်တွေက တရားစီရင်မှုတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ ရှိနေတာကြောင့် ရှေ့နေတွေ အနေနဲ့ ဥပဒေအကျိုးဆောင်ရာမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်မရှိသေးသလို တရားစီရင်မှုတွေမှာလည်း လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေဆဲဖြစ်တယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ဝေတဲ့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ ရဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
၂ဝ၁၁ ခုနှစ်နောက်ပိုင်း မြန်မာအစိုးရက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပေမယ့် အဂတိလိုက်စားမှုတွေဟာ နေရာတိုင်းလိုတွေ့နေ ရတဲ့အတွက် တရားဥပဒေစိုးမိုးရေးကို အင်မတန် ထိခိုက်စေတယ်လို့လည်း ICJ ရဲ့ အစီရင်ခံစာကဆိုပါ တယ်။ လတ်တလောကာလမှာ လွတ်လပ်တဲ့ ထုတ်ဖော်ပြောဆိုမှုတွေ ရနေတယ်လို့ဆိုနိုင်ပေမဲ့ ဥပဒေလမ်းကြောင်း အရဆောင်ရွက်တဲ့အခါမှာလည်း လေးစားလိုက်နာမှုရှိဖို့လိုအပ်တယ်လို့ ICJ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ Sam Zarifi ကပြောပါတယ်။
အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ဥပဒေစိုးမိုးမှု အထူးလိုအပ်နေသလို၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ လယ်ယာမြေ အငြင်းပွားမှုတွေဟာ နေရာတိုင်းမှာရှိနေတယ်လို့လည်း Sam Zarifi ပြောပါတယ်။ ICJ အဖွဲ့ရဲ့ အခုအစီရင်ခံစာကို မြန်မာနိုင်ငံအနှံ့က ဥပဒေအကျိုးဆောင်ရှေ့နေ ၆ဝ နဲ့ တွေ့ဆုံမေးမြန်းပြီး ထုတ်ဝေတာဖြစ်ပါတယ်။
ICJ အဖွဲ့ဟာ ကမ္ဘာ့ဒေသအနှံ့မှာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး တိုးတက်ရေးအတွက်ဆောင်ရွက်နေတဲ့ သြဇာအရှိန်အဝါကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ဒီအဖွဲ့ကို ၁၉၅၂ ခုနှစ်က စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။
