မလေးရှားပြန် မြန်မာတွေ ဖမ်းဆီးခံရ


2014.12.16
malaysia-police-migrant.png အဝင်အထွက်စစ်ဆေးနေတဲ့ မလေးရှားရဲများကို တွေ့ရစဉ်
Photo: AFP

မလေးရှားနိုင်ငံမှာ ၃ နှစ်ကျော် တရားမဝင်နေထိုင် ပြီးနောက် ထိုင်းနယ်စပ်ကိုဖြတ်ကျော်ဖို့ ကြိုးပမ်း စီစဉ်နေတဲ့ မြန်မာနိုင်ငံသား ၇၆ ယောက်ကို မလေးရှားအာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီး လိုက်ပါတယ်။

မလေးရှား လူကုန်ကူးမှုကာကွယ်ရေး ရဲတပ်ဖွဲ့ဝင်တွေ ဟာ ကွာလာမ်ပူမြို့ Kampung Baru ရပ်ကွက်မှာရှိ တဲ့ နေအိမ်တစ်ခုကို ဒီကနေ့ မနက် ၉ နာရီလောက် က ရှောင်တခင်ဝင်ရောက်စီးနင်းပြီး၊ အသက် ၁၇ နှစ်နဲ့ ၆၁ နှစ်ကြားအရွယ် မြန်မာနိုင်ငံသား ၇၆ ယောက်ကို ဖမ်းဆီးခဲ့တာလို့ မလေးရှားရဲတွေက ပြောပါတယ်။

အဖမ်းခံရသူတွေဟာ ဂျိုဟော၊ ပီနန်နဲ့ ကွာလာလာမ် ပူဒေသတွေမှာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီး၊ ထိုင်းနယ်စပ်ကိုခေါ်ဆောင်သွားမယ့် လူကုန်ကူးဂိုဏ်းအဖွဲ့ဝင်တစ်ဦးကို စောင့်ဆိုင်းနေစဉ် အဲဒီနေအိမ်မှာ အခုလို တစုတဝေးတည်း ဖမ်းဆီးခံ လိုက်ရတာဖြစ်တယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၂၀ ကျော် သတ်ဖြတ်ခံရမှုနောက်ပိုင်း အာဏာပိုင်တွေက တရားမဝင် မြန်မာ အလုပ်သမားတွေကို ပစ်မှတ်ထားဖမ်းဆီးမှုတွေ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာတယ်လို့ 'ဧရာဝတီ' စေတနာ့ ဝန်ထမ်းအဖွဲ့ (မလေးရှားလူမှုကွန်ရက်) ရဲ့ အမှုဆောင်အဖွဲ့ဝင် ဦးအောင်သန်းညွန့်က ပြောပါတယ်။

"အခုအဖမ်းအဆီးတွေ ရှိတယ်ဆိုတော့ လူတွေကပြန်ကြတယ်၊ အပေါ်လမ်းကပြန်မယ်ဆိုရင် ဟိုဟာလျှောက် ရတာတို့ ဘာတို့ အလုပ်တွေတော်တော်များများ လုပ်ရတယ်ဗျ၊ အဲ့ဒါတွေ မလုပ်နိုင်တဲ့လူတွေက အောက်လမ်း ကပြန်ကြတယ်၊ သူတို့က အောက်လမ်းကလာကြတာ များတာကိုး၊ အခုဒီကာလမှာလည်း နယ်စပ်မှာ အဖမ်းအဆီးတွေ တော်တော်လေးစိတ်နေတယ်ဗျ၊ အရင်တုန်းက ဒီလမ်းကြောင်းတွေက အဖမ်းအဆီး အစစ်ဆေးရှိနေပေမဲ့ သိပ်ပြင်းပြင်းထန်ထန် တင်းတင်းကြပ်ကြပ်မလုပ်ဘူး၊ ဒါပေမဲ့ အခုလူသတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ အဖမ်းအဆီးတွေ ရှိနေတာကိုး၊ အဲ့ကိစ္စတွေကြောင့် သူတို့ပိုပြီးတော့ စေ့စေ့စပ်စပ် လုပ်တယ်လို့ ကျနော်ထင်ပါတယ် ခင်ဗျ"

ဒီအတောအတွင်း မလေးရှားနိုင်ငံကို လာရောက်မယ့် မြန်မာနိုင်ငံသားတွေကို ရာဇဝတ်မှုနောက်ကြောင်း ကင်းရှင်းမှုရှိ၊ မရှိ စတင်စိစစ်တော့မယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ဆိုသလို ပေါ်ပေါက်နေတဲ့အတွက် ရာဇဝတ်ပြစ်မှု ကင်းရှင်းတဲ့သူတွေကိုပဲ နိုင်ငံတွင်းကို ဝင်ရောက်လည်ပတ်ခွင့်၊ အလုပ်လုပ်ခွင့်ပေးတော့မယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး အာမက်ဇာဟစ် ဟာမီဒီက ပြောပါတယ်။

မလေးရှားနိုင်ငံ ပီနန်ဒေသမှာ အခုနှစ်အတွင်း မြန်မာနိုင်ငံသား အယောက် ၂၀ လောက် သတ်ဖြတ်ခံထားရပြီး၊ အဲဒီလူသတ်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မလေးရှားရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ်က ပြောပါတယ်။

အခုလို မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၂၀ ကျော် သတ်ဖြတ်ခံရမှုနောက်ပိုင်း အာဏာပိုင်တွေဘက်က တရားမဝင် မြန်မာအလုပ်သမားတွေကို ပစ်မှတ်ထားဖမ်းဆီးမှုတွေ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကွာလာလာမ်ပူမြို့အခြေစိုက် ဧရာဝတီ စေတနာ့ဝန်ထမ်းအဖွဲ့ (မလေးရှားလူမှုကွန်ရက်) ရဲ့ အမှုဆောင်အဖွဲ့ဝင် ဦးအောင်သန်းညွန့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။