ခွင့်ပြုချက်မဲ့ ဘာသာရေး အဆောက်အဦးများ ဖယ်ရှားနေပြီ


2016.08.04
pharkant-mosque-620.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ လုံးခင်း-လယ်ပြင် ဥရုချောင်းကူးတံတားအနီး က ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတဲ့ ဝတ်ပြုသည့် အဆောက်အဦးကို ဇူလိုင်လ ၁ ရက်နေ့က မီးရှို့ ဖျက်ဆီးထားသည်ကို တွေ့ရစဉ်။
Photo: Thurin Naymin/ Facebook

ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အဆောက်အဦးတွေကို ဆောက်လုပ်ရာမှာ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ နဲ့ ဒေသခံတွေရဲ့ ထောက်ခံချက် ပါရှိရမှာဖြစ်ပြီး ခွင့်ပြုချက်မဲ့ ဆောက်လုပ်တာတွေကို ဖယ်ရှားရှင်းလင်းသွား မှာ ဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုက အစ္စလာမ် ဝတ်ပြုကျောင်း မီးရှို့ခံရမှုနဲ့ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ သတင်းထုတ် ပြန်ခဲ့ပါတယ်။ အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်း က အခုလိုပြောတာဖြစ်ပါတယ်။

"ကျနော်တို့ ဗမာပြည်မှာရှိတဲ့ ဘာသာအားလုံးအတွက်ကို စည်းမျဉ်းစည်းကမ်းတွေရှိပြီးသား ဗုဒ္ဓဘာသာဖြစ်ဖြစ် အစ္စလာမ်ဖြစ်ဖြစ် ခရစ်ယာန်ဖြစ်ဖြစ် ဟိန္ဒူဖြစ်ဖြစ် သတ်မှတ်စည်းမျဉ်းစည်းကမ်းနဲ့ ခွင့်ပြုချက်ယူပြီးမှ လုပ်ရမယ် ဆိုတဲ့ဟာတွေကိုသိအောင် ကျနော်တို့ ဖော်ထုတ်ပြတဲ့သဘောပါခင်ဗျ၊ အဖွဲ့အစည်းတွေရဲ့ သဘောတူညီ ချက် ထောက်ခံချက်တွေနဲ့ ပြည့်စုံမှ ဘာသာရေးအဆောက်အဦးတွေကို ခွင့်ပြုပေးတယ်၊ ခွင့်မပြုတဲ့ဟာတွေဆိုရင် သူတို့ကို စည်ပင်သာယာရေး ဥပဒေတွေနဲ့ တားမြစ်ခိုင်းတယ်၊ ကျောင်းကနေဖယ်ခိုင်းတယ်၊ အကယ်၍ စာနဲ့ထွက်ပြီးလို့ လက်မခံရင် အရေးယူပြီးထောင်ချတယ်"

လက်ရှိမှာ ဖားကန့်က အစ္စလာမ်ဝတ်ပြုကျောင်း တည်ဆောက်ဖို့ လွှဲပြောင်းပေးအပ်သူနဲ့ ဝတ်ပြုကျောင်းကို မီးရှို့ဖျက်ဆီးသူတွေကိုလည်း ပြည်နယ်အစိုးရဘက်က ဖမ်းဆီးအရေးယူမှုတွေ ဆောင်ရွက်နေတယ် လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဘုန်းကြီးကျောင်း ၁၇၃ ကျောင်းနဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေက ကျူးကျော်ဘုန်းကြီးကျောင်း ၈၆ ကျောင်းကိုလည်း ဖယ်ရှားရှင်းလင်းနေတယ်လို့ သာသနာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။