အိန္ဒိယက ရခိုင်ပြည်နယ်အတွက် ဒေါ်လာ တစ်သန်းလှူဒါန်း

ပဋိပက္ခတွေကြောင့် လူထောင်နဲ့ချီ နေရပ်ကရွှေ့ပြောင်းရတဲ့ ရခိုင်ပြည်နယ်အတွက် ဒေါ်လာ ၁ သန်းကူညီမယ်လို့ အိန္ဒိယနိုင်ငံက မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Salman Khurshid က အကူအညီပေးမယ့်အကြောင်း ကြေညာလိုက်တာပါ။ ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ၂ဝ၁၅ မှာ စတင်လည်ပတ်မယ့် စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံထားပါတယ်။ ဆိပ်ကမ်းစီမံကိန်းအရ အိန္ဒိယနိုင်ငံ ကုန်းတွင်းပိတ်ဒေသဖြစ်တဲ့ မီဇိုရမ်ပြည်နယ်က ကုန်သင်္ဘောတွေ ကုလားတန်မြစ်မှာ ခုတ်မောင်းနိုင်ပါမယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒါ့အပြင် မြန်မာနဲ့ အိန္ဒိယ ပူးတွဲကျင်းပတဲ့ နိုင်ငံတကာ ဗုဒ္ဒယဉ်ကျေးမှု အမွေအနှစ် ညီလာခံကို ရန်ကုန်မှာ ဒီနေ့ဖွင့်လှစ်ပေးဖို့ ရှိပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံကို ဒီနှစ်မေလက လာရောက်ချိန်က ဉာဏ်တော် ၁၅ ပေရှိတဲ့ ဗုဒ္ဓဆင်းထုတော်တဆူ လက်ဆောင်ပေးခဲ့ပါတယ်။ ဒီဆင်းထုတော်ကို ရွှေတိဂုံဘုရားမှာ ပူဇော်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဖွင့်လှစ်ပေးဖို့ရှိပါတယ်။