မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦးတွေ တိုးတက်ကောင်းမွန်အောင် အိန္ဒိယနိုင်ငံကကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်သလို၊ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ကိစ္စတွေကို အိန္ဒိယနိုင်ငံက အတတ်နိုင်ဆုံး တိုးမြှင့်ကူညီသွားမယ်လို့ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး အန်နန်ရှားမားက ကတိပေးပြောဆိုလိုက်ပါတယ်။
နေပြည်တော်မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံကို တက်ရောက်လာတဲ့ အိန္ဒိယဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့ကတွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆို လိုက်တာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိစ္စတွေ ပြောဆိုခဲ့ကြပြီး၊ အထူးသဖြင့် ပညာရေးအဆင့်မြှင့်ဖို့၊ ဆေးရုံတွေခေတ်မီအောင်ပြုပြင်ဖို့၊ အထည်အလိပ်နဲ့ ယက်ကန်းလုပ်ငန်းတွေမြှင့်တင်ဖို့၊ အခြေခံအဆောက်အဦးတွေ ခေတ်မီအောင်လုပ်ဖို့ကိစ္စတွေမှာ အိန္ဒိယနိုင်ငံက ဘယ်လောက်ကူညီပံ့ပိုးနိုင်မလဲဆိုတဲ့အကြောင်းတွေ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးတယ်လို့ အိန္ဒိယဝန်ကြီးက ပြောပါတယ်။
အိန္ဒိယဝန်ကြီး ရှားမားဟာ မြန်မာစွမ်းအင်ဝန်ကြီး ဦးသန်းဌေးနဲ တွေ့ဆုံခဲ့ရာမှာလဲ အိန္ဒိယဘဏ်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြတယ်လို့ ပြောလိုက်ပါတယ်။
ဒါ့အပြင် လာမယ့် ၂ဝ၁၅ အရောက်မှာ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးတန်ဖိုးကို အမေရိကန်ဒေါ်လာ သန်း ၃ ထောင်ထိ တိုးမြှင့်သွားဖို့ နှစ်နိုင်ငံဝန်ကြီးတွေက ဆွေးနွေးကြပါတယ်။