အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်အရေး ဆက်လက်ဆွေးနွေး

ရခိုင်ပြည်နယ်ကို ၂ရက်ကြာရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ နဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ပြည်နယ်အစိုးရတာဝန်ရှိသူတွေအပြင် စစ်တွေမြို့မိမြို့ဖတွေနဲ့ ဒီနေ့မနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံကြရာမှာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေး က အခုအချိန်မှာ အရေးအကြီးဆုံးလုပ်ရမှာက အကြမ်းဖက် ပဋိပက္ခကာလတုန်းက နစ်နာဆုံးရှုံးခဲ့သူတွေကို ဘဝပြန်လည်ထူထောင်ဖို့ နေရာချထားနိုင်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ မနေ့က နေ့လည်ပိုင်းမှာ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့အတူ ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်း၊ မင်းပြားမြို့နယ် စမ်းဘလေ ဒုက္ခသည်စခန်း၊ ကျောက်တော်မြို့နယ် တောင်ဘွေ ဒုက္ခသည်စခန်း၊ မောင်တောမြို့နယ် မောရဝတီ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
အလားတူပဲ ဒီကနေ့မနက်ပိုင်းမှာလည်း အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီး စစ်တွေမြို့ မင်းဂံ ဒုက္ခသည်စခန်း၊ အုန်းတောကြီး ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

အဲသည်လို ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ရာမှာ စားဝတ်နေရေးအခြေအနေ၊ နှစ်ဦးနှစ်ဘက် သင့်မြတ်စွာနဲ့ အတူယှဉ်တွဲနေထိုင်နိုင်ရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ဒုက္ခသည်တွေရဲ့ ခံစားချက်တွေကို မေးမြန်းခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါဟာ မနေ့က မြို့နယ် ၄ခုက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လေ့လာအပြီး ညနေပိုင်းမှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားခဲ့ပေမယ့် အဆင်မပြေခဲ့လို့ ဒီကနေ့မနက်မှ တွေ့ဆုံဆွေးခဲ့တာဖြစ်ပါတယ်။