အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုဟာ ဒီကနေ့ နေ့ခင်းက မြန်မာနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးအဖြစ် နေပြည်တော်ကို ရောက်ရှိ လာပါတယ်။
အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ ၂ ရက်ကြာမယ့် အင်ဒိုနီးရှားသမ္မတနဲ့ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားသမ္မတဟာ စင်္ကာပူနိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို လာရောက်တာဖြစ်ပြီး ဒီကနေ့ညမှာ သမ္မတဦးသိန်းစိန် နဲ့တွေ့ဆုံဖို့ရှိပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေအပြင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအရေးကို ဆွေးနွေးမယ်လို့ ဒီကနေ့မနက်က စင်္ကာပူမှာ သမ္မတယိုဒိုယိုနိုက ပြောပါတယ်။
မူဆလင်ရိုဟင်ဂျာတွေ အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ ပညာသားပါးပါ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက အကူညီပေးဖို့အသင့်ရှိပြီး အကောင်းဆုံးမဖြေရှင်းနိုင်ခဲ့ရင် မြန်မာနိုင်ငံနဲ့ မူဆလင်ကမ္ဘာအကြား ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ ကမ္ဘာ့အစ္စလာမ်ဘာသာဝင် မူဆလင်အများဆုံးနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတဖြစ်တဲ့ မစ္စတာယိုဒိုယိုနိုက ပြောပါတယ်။
ဒီခရီးစဉ်မှာ နိုင်ငံရေး၊ ဥပဒေရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Djoko Suyanto၊ နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa နဲ့ ကာကွယ်ရေးဝန်ကြီး Puranoma တို့ပါဝင်ပါတယ်။
အင်ဒိုနီးရှားသမ္မတဟာ မနက်ဖြန်မှာ မြန်မာနိုင်ငံကနေ အာဆီယံထိပ်သီး ညီလာခံကျင်းပနေတဲ့ ဘရုနိုင်းနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။