အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ က မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်ခဲ့ရာမှာ ပါဝင်ပတ်သက်သူ နောက် တစ်ဦးကို ကြာသပတေးနေ့ မနေ့က ဖမ်းဆီးမိ ခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၂၂ နှစ်အရွယ် ပရိုင်ယို ဟူတိုမို ဆိုသူကို ဂျာဗားကျွန်း အလယ်ပိုင်း ရွာတစ်ရွာက အဒေါ်ဖြစ်သူရဲ့ အိမ်မှာ အမျိုးသားရဲတပ်ဖွဲ့ အကြမ်းဖက် လုပ်ရပ်နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးလိုက် တာဖြစ်ကြောင်း Jakarta Post သတင်းစာ က ဖေါ်ပြပါတယ်။ ပြီးခဲ့တဲ့မေလက ဂျာကာတာမြို့ မြန်မာသံရုံးကို ဗုံးဖေါက်ခွဲဖို့ ကြံစည်ခဲ့သူတွေကို ရဲတပ်ဖွဲ့ က ရှာဖွေစုံစမ်းဖမ်းဆီးခဲ့ရာမှာ ၇ ယောက် အသေမိခဲ့ပြီး ၁၃ ယောက် ဖမ်းဆီးမိခဲ့ပါတယ်။ အဲဒီနောက် အဖွဲ့ခေါင်းဆောင်ကိုပါဖမ်းမိခဲ့ပြီး တရားစွဲဆိုခဲ့ပါတယ်။
ဖမ်းမိသူတွေက ဗုံးဖေါက်ခွဲဖို့ကြံစည်တာ ဟုတ်မှန်ကြောင်း ဝန်ခံခဲ့ကြပြီး၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မွတ်စလင်ဘာသာဝင်တွေ တိုက်ခိုက်ခံခဲ့ရတဲ့အပေါ် တုံန့်ပြန်ဖို့ကြိုးစားတာဖြစ်ကြောင်း၊ ဗုံးဖေါက်ခွဲဖို့ အင်တာနက်ကတဆင့် လူစုခဲ့သလို၊ ဗုံးလုပ်နည်းနဲ့ ဖေါက်ခွဲနည်းတွေကိုလည်း အင်တာနက်ကတဆင့် ရရှိခဲ့တာဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်က ထွက်ဆိုခဲ့ပါတယ်။ ပြစ်မှုထင်ရှားကြောင်း တရားရုံးကဆုံးဖြတ်ရင် သေဒဏ်အထိ ကျခံရနိုင်ပါတယ်။ အရင်ဖမ်းမိခဲ့သူတွေကို အမိန့်မချသေးခင် အခု နောက်တစ်ဦးကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။