မူဆလင်အရေး အင်ဒိုနီးရှားစိုးရိမ်

အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘန်းက မြန်မာနိုင်ငံက မူဆလင်ဆန့်ကျင်ရေး အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း သမ္မတ ဦးသိန်းစိန်ကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလေဂါဝါက ပြောဆိုကြောင်း AP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဘရူနိုင်းနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံပြင်ပမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလေဂါဝါက သတင်းထောက်တွေကို ပြောလိုက်တာပါ။

ဒါ့အပြင် သမ္မတနှစ်ဦးဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်ရွက်မှုတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သူကပြောပါတယ်။ ဦးသိန်းစိန်အစိုးရဟာ အဓိကရုဏ်းတွေကို အကောင်းဆုံးနည်းလမ်းတွေနဲ့ ကြိုးစားကိုင်တွယ်ဖြေရှင်းနေတယ်လို့ အင်ဒိုနီးရှားအနေနဲ့ ယုံကြည်ကြောင်းလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလေဂါဝါက ဆက်လက်ပြောပါတယ်။

သမ္မတနှစ်ဦး မြန်မာနိုင်ငံမှာ တွေ့ဆုံခဲ့စဉ်က နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့သလို နားလည်မှုစာချွန်လွှာတွေ ရေးထိုးခဲ့တယ်လို့သိရပါတယ်။ ဒီစာချုပ်အရ မြန်မာ့ဆန်တွေကို အင်ဒိုနီးရှားက ဝယ်ယူမှာဖြစ်ပြီး၊ အင်ဒိုနီးရှားက ဓါတ်မြေသြဇာကို မြန်မာက ပြန်ဝယ်မှာဖြစ်ပါတယ်။ ဒါကြောင့် ဆန်တန်ချိန် ၃ သိန်း အင်ဒိုနီးရှားကို ရောင်းမယ်လို့သိရပြီး၊ လာမယ့်နှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ သန်း ၁ ထောင်ထိရောက်အောင် ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

ဒီအတောအတွင်းမှာပဲ ထိုင်းဝန်ကြီးချုပ် မစ္စစ်ယင်းလပ်က မြန်မာသမ္မတ ဦးသိန်းစိန်ကို ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံညီလာခံပြင်ပမှာ ဒီကနေ့သီးခြားတွေ့ဆုံမယ်လို့သိရပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ထိုင်းနိုင်ငံက တည်ဆောက်နေတဲ့ ထားဝယ်ရေနက်စီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဆီဟာဆက်ခ် ဖူဝမ်းကက်ခီယို (Sihasak Phuangketkeow)က ပြောပါတယ်။ ထားဝယ်ရေနက်စီမံကိန်းကို ထိုင်းနိုင်ငံအနောက်ဖက်ဒေသရဲ့ ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုချင်နေတာဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် နည်းပညာကော်မတီတစ်ခုကိုလည်း ထိုင်းအစိုးရအဖွဲ့က မကြာသေးခင်က ဖွဲ့စည်းခွင့်ပြုခဲ့ပါတယ်။