အင်ဒိုနီးရှားသမ္မတ မြန်မာနိုင်ငံ လည်ပတ်မည်

အင်ဒိုနီးရှားသမ္မတ ဆူဆီလို ယိုဒိုယိုနိုဟာ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် ၃ နိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး လည်ပတ်ဖို့ ဒီကနေ့ထွက်ခွာလာပြီး ဧပြီလ ၂၃ ရက် မနက်ဖြန်မှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ သိရပါတယ်။

စင်္ကာပူမှာကျင်းပမယ့် အင်ဒိုနီးရှား-စင်္ကာပူ ခေါင်းဆောင်များ နှစ်ပတ်လည် ဆွေးနွေးပွဲကနေတဆင့် မြန်မာနိုင်ငံ ကို သွားရောက်မှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား သမ္မတက ဒီကနေ့ ကွာလာလာမ်ပူ မြို့တော်ကနေ မထွက်ခွာခင် သတင်းထောက်တွေကို ပြောပါတယ်။

နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံကနေ ဘရူနိုင်းနိုင်ငံကို ဆက်လက်ခရီးဆက်မှာဖြစ်ပြီး ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်မယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားအနေနဲ့ အမြဲမပြတ် စောင့်ကြည်နေသလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်လုပ်ငန်းစဉ် မှန်ကန်ချောမွေ့ရေးအတွက် အင်ဒိုနီးရှားအနေနဲ့ အကူအညီပေးသွားမယ်လို့လည်း ပြောပါတယ်။

ဒီခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa နဲ့ နိုင်ငံရေး၊ ဥပဒေရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး တို့လည်းပါရှိမယ်လို့ သိရပါတယ်။