အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မကြာမီ ရန်ကုန်သွား လေ့လာမည်

လာမယ့် ၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အာစီယံအဖွဲ့ အလှည့်ကျသဘာပတိ နေရာပေးရေးအတွက် အခြေအနေတွေကို လေ့လာဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါဟာ မြန်မာနိုင်ငံကို အခု လလယ်ပိုင်းမှာ သွားရောက်မယ်လို့ ရန်ကုန်မြို့ အင်ဒိုနီးရှားသံရုံးက ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေစဉ်အတွင်း အာစီယံ အလှည့်ကျသဘာပတိ ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတာ စုံစမ်းဆွေးနွေးဖို့ မြန်မာ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သံရုံး တတိယအတွင်းဝန်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိ အာစီယံ သဘာပတိ တာဝန်ကို ယူထားပြီး သူတို့ရဲ့ သဘောထားက မြန်မာနိုင်ငံကို အာစီယံ အလှည့်ကျသဘာပတိ ပေးရေးအတွက် အရေးပါတယ်လို့ အာစီယံ အတွင်းရေးမှူးချုပ် စူရင် ပစ်ဆုဝမ်က ပြီးခဲ့တဲ့ ဇူလိုင်လက ဘာလီကျွန်းမှာ ကျင်းပတဲ့ အာစီယံ ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။