ရွေးကောက်ပွဲ သတင်းပိတ်ပင်မှု အင်ဒိုနီးရှားနှင့် မီဒီယာများက ဝေဖန်

စစ်အစိုးရ နိုဝင်ဘာ ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာသူတွေနဲ့ နိုင်ငံခြား သတင်းထောက်တွေ သတင်း ဝင်ရောက်ရယူခွင့် ပိတ်ပင်လိုက်တာနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံက ဝေဖန်လိုက်ပါတယ်။

2010.10.19
election_diplomat_media_305_z.jpg ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲမှာ နိုင်ငံခြားမှ သတင်းသမားများနှင့် စောင့်ကြည့် လေ့လာသူများကို လက်ခံမည် မဟုတ်ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော်တွင် ရှင်းလင်း ပြောကြားသည်ကို နားထောင်နေသော နိုင်ငံခြား သံတမန်များ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

နိုင်ငံခြား သတင်းမီဒီယာတွေကို ဝင်ရောက် သတင်းယူခွင့် ပေးခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက ကာလရှည်ကြာ စောင့်ကြည့်နေတဲ့ မြန်မာအစိုးရရဲ့ ရွေးကောက်ပွဲ ရည်ရွယ်ချက်အတွက် အသင့်တော်ဆုံး ဖြည့်ဆည်းပေးရာ ရောက်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာ တီကု ဖိုင်ဇာဆရက ပြောကြောင်း အောက်တိုဘာ ၁၉ ရက် ဒီကနေ့ထုတ် Jakarta Post သတင်းစာက ရေးပါတယ်။

မနေ့က နေပြည်တော်ပြုလုပ်တဲ့ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲ ကာလအတွင်း ပြည်ပက လေ့လာသူတွေကိုရော နိုင်ငံတကာ သတင်းထောက်တွေကိုရော ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောခဲ့ပါတယ်။ ဒီလို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာ စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲ အများလက်ခံနိုင်မဲ့ ကိစ္စရပ်တွေ လုပ်ဆောင်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးနေကြောင်း၊ စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာအတွက် သိသာစေမဲ့ ပွင့်ပွင့်လင်းလင်း ရှိဖို့ ဆန္ဒရှိကြောင်း မနေ့က ပြုလုပ်တဲ့ အမေရိကန် နိုင်ငံခြားဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ မစ္စတာဖိလစ်ခရော်လီက ပြောခဲ့ပါတယ်။

တချိန်တည်းမှာလည်း စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲ မတိုင်မီကာလ သတင်းစာလွတ်လပ်ခွင့်နဲ့ ရွေးကောက်ပွဲအပေါ် သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုတွေနဲ့ ပတ်သက်လို့ လေ့လာချက် အစီရင်ခံစာတစောင်ကို စလိုဗက်ကီးယားနိုင်ငံအခြေစိုက် Memo 98 အဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီရင်ခံစာဟာ ရွေးကောက်ပွဲမတိုင်ခင် ၃ လအလို မြန်မာပြည်တွင်း သတင်းစာ၊ ဂျာနယ်တွေ၊ တီဗီ၊ ရေဒီယိုတွေနဲ့ ပြည်ပအခြေစိုက် သတင်းမီဒီယာတွေက ရွေးကောက်ပွဲအကြောင်း ဖော်ပြတာတွေကို လေ့လာသုံးသပ်ပြီး စာရင်းနဲ့တကွ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာမှာ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ အစိုးရပိုင် သတင်းမီဒီယာတွေဟာ ဘယ်သတင်းစာ ကျင့်ဝတ်ကိုမှ လိုက်နာခြင်းမရှိပဲ တဖက်သတ် ရေးသား ဖော်ပြထုတ်လွှင့်နေပြီး ရုပ်သံ လိုင်း ၃ ခုက အဓိက ဖော်ပြချက်တွေဟာ စစ်အစိုးရ ထိပ်တန်း ခေါင်းဆောင် ၃ ဦးရဲ့ သတင်းတွေသာ ဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အစိုးရသတင်းမီဒီယာဖြစ်တဲ့ မြန်မာ ရုပ်မြင်သံကြား အစီအစဉ်တွေမှာ အမည်နာမအားဖြင့် စစ်အစိုးရဝန်ကြီးချုပ် ဦးသိန်းစိန်ရဲ့ အမည်ဟာ ၅၆ ရာခိုင်နှုန်း ပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၃၉ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုးအမည်က ၄ ရာခိုင်နှုန်းကျော်ပဲ ဖော်ပြတာတွေ့ရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

ပြည်ပအခြေစိုက် သတင်းမီဒီယာတွေကတော့ ကဏ္ဍစုံက သတင်းတွေကို ဖော်ပြပြီး အတိုက်အခံ ဒီမိုကရေစီပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြည့်ပြည့်ဝဝ ဖော်ပြသလို တခြား နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ သဘောထား ရပ်တည်ချက်တွေကို စေ့ငအောင် ဖော်ပြထားတာ တွေ့ရကြောင်း၊ ဒါပေမဲ့ စစ်အစိုးရ သတင်းမီဒီယာတွေက ရောက်ရှိတဲ့ ပထဝီဝင် အနေထားအထိ ပြည်ပမီဒီယာတွေက ကျယ်ပြန့်နိုင်ခြင်း မရှိတာကြောင့် မြန်မာပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲမှာ မှန်ကန်တဲ့ ရွေးချယ်မဲပေးနိုင်မှု ရှိနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာ ရှိကြောင်းလည်း Memo 98 အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာရှနိုင်ငံများ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ (ANFEL) ကလည်း မြန်မာနိုင်ငံမှာ ရှေ့လ ၇ ရက် စစ်အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲကို လေလာစောင့်ကြည့်ခွင့် မရခဲ့ပေမဲ့ အပြင်ကနေ ဆက်လက် စုံစမ်း လေ့လာသွားမယ်လို့ ပြောပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဲဒီအဖွဲ့ရဲ့ ညွန်ကြားရေးမှူးကို RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်း က မေးမြန်းပြီး အခုလို တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။