ဂျာကာတာမြို့ မြန်မာသံရုံး ဗုံးဖောက်ခွဲဖို့ကြံစည်သူ တရားရုံးမှာ ဝန်ခံ

အခုနှစ်မေလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မြန်မာ သံရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့သူ ၂ ဦးကို ဒီကနေ့ ရုံးထုတ်စစ်ဆေးရာမှာ အဖမ်းခံရသူတစ်ဦးက သူဟာ ဖောက်ခွဲတိုက်ခိုက်ဖို့ ဦးဆောင်ကြံစည်ခဲ့ သူဖြစ်ကြောင်း ဒီကနေ့တရားရုံးမှာ ဝန်ခံဖြောင့်ချက်ပေး လိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆီဂစ် အင်ဒရာဂျစ် Sigit Indrajid က သူဟာ မေလက ဂျာကာတာမှာရှိတဲ့ မြန်မာ အစိုးရသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ လူမှုရေးစာမျက်နှာပေါ် ကနေ အစွန်းရောက် အစ္စလာမ်ဘာသာဝင်တချို့ကို ဦးဆောင်စည်းရုံးခဲ့သူဖြစ်ကြောင်း ဂျာကာတာခရိုင် တရားရုံးမှာ အခုလိုဝန်ခံထွက်ဆိုလိုက်တာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ခဲ့တဲ့အတွက် နောင်တရပါသလားလို့ တရားသူကြီးကမေးမြန်းရာမှာ သူက နောင်တမရကြောင်း၊ ဒီဆောင်ရွက်ချက်ဟာ မွတ်စလင်တွေကို စိတ်ရှိသလိုနိမ့်ချဆက်ဆံနေတဲ့ မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေကို သတိပေးလိုက်တာဖြစ်ကြောင်း၊ အဲသလို နှိပ်စက်နေသရွေ့ ဒီနိုင်ငံတွေအပေါ်မှာ သူ့အနေနဲ့ စစ်ကြေညာထားဆဲဖြစ်ကြောင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်အရေး ဆန္ဒပြပွဲကိုတက်ဖို့ အဖွဲ့တစ်ခုက ဖိတ်ကြားခံရအပြီး မြန်မာသံရုံးကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ဖို့ စိတ်ကူးအကြံအစည်ရရှိခဲ့တာလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မွတ်စလင်အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားမှာ မြန်မာနိုင်ငံက လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဂျာကာတာရှိ မြန်မာသံရုံးကို အကြိမ်ကြိမ်ဆန္ဒြုပခဲ့ကြပါတယ်။