နေပြည်တော် စက်မှု(၁)ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တွေ ဦးဆောင် ညွှန်ကြားရေးမှူးတွေ အားလုံး ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံခြားသားနဲ့ တွေ့ဆုံခွင့် ပိတ်ပင်တဲ့ ညွှန်ကြားချက်ကို ဝန်ကြီး ဦၤးအောင်သောင်းကိုယ်စား ရုံးအဖွဲ့မှူး ဦးမြင့်ဆွေက လက်မှတ်ရေးထိုးပြီး စာအမှတ် ၁၈/၁/စ(၁)/၂၀၁၀ (၇၆၇၇) နဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ အမိန့်စာဖတ်ရတဲ့ အရာရှိတွေက ပြောပြပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံခြားသားတွေကို လက်ခံတွေ့ဆုံနေရင် နိုင်ငံခြားသားတွေအနေနဲ့ လုပ်ငန်းအကြောင်းပြပြီး မလိုလားအပ်တဲ့ မေးခွန်းတွေ မေးလာနိုင်တယ်ဆိုပြီး အဆိုပါ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ မလိုလားအပ်တဲ့မေးခွန်းတွေ ဘာလဲဆိုတာကိုတော့ ညွှန်ကြားချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။
ဦးစီးဌာနလုပ်ငန်းတွေအနေနဲ့ ဝန်ထမ်းတွေ မဲထည့်ရေး ဆောင်ရွက်နေရတဲ့အတွက် ပြည်ပက နိုင်ငံခြားသားတွေ လာရောက်မယ်ဆိုရင် အချိန်ပေးပြီး လက်ခံတွေ့ဆုံဖို့ အခက်အခဲရှိမှာ ဖြစ်တယ်လို့ပါ ရေးထားပါတယ်။
ဒါကြောင့် ဦးစီးဌာန လုပ်ငန်းတွေမှာရှိတဲ့ ညွှန်ကြားရေးမှူးချုပ်တွေ ဦးဆောင် ညွှန်ကြားရေးမှူးတွေ အားလုံး ရွေးကောက်ပွဲမတိုင်ခင် ပြည်ပ နိုင်ငံခြားသားတွေကို ဖိတ်ကြားခြင်း လက်ခံတွေ့ဆုံခြင်း မလုပ်ဖို့ ဆိုပြီး ဝန်ကြီး ဦးအောင်သောင်းက ခုလို ညွှန်ကြားချက် ထုတ်ပြန်ထားတာ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။