စစ်တပ် သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ လယ်သမား ၃ဝဝ ကျော် ထွန်ယက်

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မြေနီတောင်ကျေးရွာအုပ်စု အနီးတဝိုက်မှာ စစ်ရေးလေ့ကျင့်ရေးတပ်က သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွင်း လယ်လုပ်ခွင့်မပြုတဲ့အတွက် ဒီကနေ့မှာ လယ်သမား ၃ဝဝ က အဲဒီမြေတွေထဲမှာ မိမိသဘောနဲ့ ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။

အခုလို ထွန်ယက်စိုက်ပျိုးတာနဲ့ ပတ်သက်ပြီးပါဝင်သူ လယ်သမား ကိုကြည်စိုးက RFAကို အခုလို ပြောပါတယ်။

"လယ်တွေကို အင်္ဂပူမှာ ၉၄ ခုနှစ်က လေ့ကျင့်ရေးတပ်က တပ်နယ်နိမိတ်ဆိုပြီးတော့ သိမ်းပိုက်ထားတယ်လေ၊ တောင်းဆိုတာတို့၊ ဆန္ဒပြတာတို့ လုပ်ခဲ့ပါတယ်၊ ၂ဝ၁၂ ခုနှစ်မှာတော့ စီတန်းလှည့်လည်ဆန္ဒပြခဲ့သေးပါတယ်၊ တပ်မတော်က ၅ လပိုင်းထဲမှာပဲ သူတို့က ဒီလယ်မြေတွေကို ဆင်းပြီးတော့ ထွန်ယက်ခြင်းမပြုရလို့ ကန့်သတ်တဲ့အတွက်ကြောင့်မို့လို့ တောင်သူလယ်သမားတွေကနေပြီးတော့ ဒီလယ်မြေတွေပြန်လည်ရရှိရေးကို ထွန်တုံးတိုက်ပွဲအနေနဲ့ဆင်နွှဲခဲ့တာပါ"

ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ အဲဒီနယ်မြေမှာ အခြေစိုက်တဲ့ စစ်ရေးလေ့ကျင့်ရေးတပ်က လယ်ယာမြေဧက ၂ဝဝ ကျော်နဲ့ တောင်ယာမြေဧက ၁၈ဝဝ ကျော်ကို သိမ်းယူခဲ့ပြီးနောက်ပိုင်းမှာ လယ်သမားတွေကို သီးစားခနဲ့ ပြန်လည်စိုက်ပျိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှ သီးစားခနဲ့ လုံးဝစိုက်ပျိုးခွင့်မပြုတော့လို့ တောင်သူတွေက သိမ်းယူခဲ့တဲ့ လယ်ဧက ၂ဝဝ ကျော်မှာ မိမိသဘောနဲ့ ပြန်လည်စိုက်ပျိုးခဲ့တာလို့ သိရပါတယ်။