ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မတ်လ နောက် ဆုံးပတ်ကဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာ INGO ရုံးတွေ တိုက်ခိုက် ခံရတဲ့ကိစ္စနဲ့ဆက်နွယ်ပြီး စစ်တွေ အကျဉ်းထောင် အတွင်းမှာ ဖမ်းဆီးထိန်းသိမ်း ထားသူတွေကို မိသားစုဝင်တွေ က တွေ့ဆုံဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ထောင်အာဏာ ပိုင်တွေဘက် က တွေ့ဆုံခွင့် မပေးကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေကို မိသားစုဝင်တွေ နဲ့အတူ ဒီကနေ့ ထောင်ဝင်စာတွေ့ ဖို့ကြိုးစားခဲ့တဲ့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက် အဖွဲ့ဝင်တစ်ဦးဖြစ် သူ ဒေါ်ကျော့မေက RFA ကို အခုလို ပြောပါတယ်။
" ကျွန်မတို့ ၁၂ နာရီကျော်လောက်က သွားပါတယ်၊ အဲ့မှာ ထောင်ဝန်ထမ်းတွေနဲ့ တွေ့တော့ သူတို့ကို မတွေ့ရဘူး၊ သူတို့ကို သီးသန့်ပိတ်ထားတယ် လို့ ပြောပါ တယ်၊ ပြီးတော့ နောက်နေ့ အခြေအနေကို မေးတော့ နောက်နေ့လည်း မသေချာသေးဘူး လို့ ပြောတဲ့ အတွက် ကျွန်မတို့ မတွေ့ခဲ့ရပါဘူး၊ ဟိုနေ့က အစားအသောက်တွေ ပို့ဖို့ သွားတုံးကလည်း ပစ္စည်းတွေပဲ ပို့ခဲ့ရတယ်၊ လူကိုတော့ မတွေ့ခဲ့ရပါဘူး၊ ဒီနေ့လည်း မတွေ့ခဲ့ရဘူး၊ သူတို့ ဘယ်လို အခြေအနေဖြစ်နေတယ် ဆိုတာ လည်း ကျွန်မတို့ မသိရဘူး"
စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး စစ်တွေမြို့ ဓညဝတီရပ်ကွက်နဲ့ မကျည်းမြိုင်ရပ်ကွက်တွေ မှာနေထိုင်တဲ့ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၆ ဦးကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ဖမ်းဆီး ခဲ့တာ ဖြစ်ပြီး အဲဒီအထဲမှာပါဝင်တဲ့ အသက် ၇၀ ကျော် အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့အထဲမှာပါဝင်တဲ့ ရခိုင်အမျိုးသားပါတီဝင် တစ်ဦးဖြစ်သူ ဦးမောင်သိန်းကတော့ ဧပြီလ ၁၁ ရက်နေ့က နှလုံးနဲ့ပတ်သက်တဲ့ ရောဂါနဲ့ စစ်တွေဆေးရုံမှာ ကွယ်လွန်သွားကြောင်း မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပါတယ်။
မတ်လ ၂၆ နဲ့ ၂၇ ရက်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူမှုရေး အဖွဲ့ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး ၊ သိုလှောင်ရုံ ၁၅ လုံး၊မော်တော်ယာဉ် ၁၄ စီး စတဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုး အမေရိ ကန်ဒေါ်လာ လေးသိန်းသုံးသောင်း ဝန်းကျင်ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။